လဖိုင်ဆိုင်းရော်၏ တင်ပြချက်
ဧပြီ ၂၀ ရက်က ပြုလုပ်ခဲ့သော “ဧရာဝတီကို ပြန်ရွေးယူကြမယ်” အခမ်းအနားတွင် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူ လဖိုင်ဆိုင်းရော်၏ တင်ပြချက် ဖြစ်ပါသည်။ လဖိုင်ဆိုင်းရော်သည် ၁၉၈၉-၉၀ ဝန်းကျင် ကာလများမှ စတင်ပြီး စစ်ကြောင့် ဒုက္ခရောက်ခဲ့ကြသည့် စစ်ဘေး ဒုက္ခသည်များ၏ ဘ၀ ပြန်လည် ထူထောင်နိုင်ရန် ကူညီပေးခဲ့သူ ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် အာရှ၏ နိုဘယ်ဆုဟု ယူဆကြသည့် ရာမွန်မွန် မက်ဆေးဆေးဆု ရရှိခဲ့သူ ဖြစ်သည်။
ကျမဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးမြစ်ဖျာ းခံရာ မေခနဲ့ မလိခ မြစ်ဆုံမှ ၂၇ မိုင်အကွာ၊ မြစ်ကြီးနားမြို့မှာ မွေးဖွား ကြီးပြင်းလာတဲ့ ကချင် တိုင်းရင်းသူတစ်ယောက် ဖြစ်ပါတယ်။ မြစ်နှစ်သွယ် ပေါင်းဆုံရာ ဒေသဖြစ်တဲ့ မြစ်ဆုံဟာ ကျမတို့ ကချင်တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အချက်အချာဒေသ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့အတွက် ပိုလို့တောင် အရေး ပါပါတယ်။ ဒါ့ကြောင့် ဧရာဝတီဟာ ကျမနဲ့ ကျမလို မြန်မာနိုင်ငံကို အမိမြေလို့ သတ်မှတ်တဲ့ လူတိုင်းရဲ့ ဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။
ဧရာဝတီ တသွင်သွင် အစဉ်အမြဲ စီးဆင်းနေစေဖို့ ဆိုတာဟာ ကျမ နှလုံးသားနဲ့ သိပ်နီးစပ်တဲ့ အရေး တစ်ခုပဲ ဖြစ်တယ်။ အပြောမဟုတ်ဘဲ အလုပ်နဲ့ ကျမ သက်သေ ပြခဲ့တာကတော့ ၂၀၁၄ မှာ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုနဲ့ ဧရာဝတီ ဖောင်ဒေးရှင်းကို ထူထောင်ရာမှာ ရာမွန် မက်ဆေးဆေးဆု ဖောင်ဒေးရှင်းကနေ ကျမ လက်ခံရရှိခဲ့တဲ့ ဆုငွေ အမေရိကန်ဒေါ်လာ ငါးသောင်းကို မတည်ငွေ အဖြစ် အသုံးပြုခဲ့ပါတယ်။ ဧရာဝတီ ဖောင်ဒေးရှင်းရဲ့ အဓိက လုပ်ငန်းကတော့ ကချင်ပြည်နယ် အထက်ပိုင်း မြစ်ဆုံကနေ မြန်မာနိုင်ငံ တောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ အထိ ဧရာဝတီ မြစ်ကြော တလျှောက် မှီတင်းနေထိုင်ကြတဲ့ မတူကွဲပြားတဲ့ ရပ်ကျေးလူထုတွေရဲ့ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လူနေမှု ဘဝကို ထိန်းသိမ်း ကာကွယ်ခြင်း ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဟာ အဖိုး မဖြတ်နိုင်တဲ့ အမျိုးသား အမွေအနှစ်တစ်ခု ဖြစ်တယ်။ ရှေ းပဝေသဏီကတည်းက ဧရာဝတီမြစ် ကမ်းခြေတလျှောက်မှာ ဗမာလူမျိုးနဲ့ တခြား တိုင်းရင်းသား လူမျိုးတွေ အတူတကွ နေထိုင် ကြီးပြင်းခဲ့ကြတယ်။ ဧရာဝတီဟာ အံ့သြစရာ ကောင်းတဲ့ သဘာဝ ဂေဟစနစ် ဖြစ်ရုံသာမက ကျမတို့ရဲ့ ယဉ်ကျေးမှုနဲ့ အမျိုးသားရေး လက္ခဏာကို ဖော်ဆောင်တဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ခွန်မြစ်ခေါ် မဲခေါင်မြစ်ကြီးကို ရေကာတာဆောက်လိုက်တော့ ကျမတို့နိုင်ငံရဲ့ အရှေ့ဘက် ကပ်လျက် အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှုတွေကို ခံစားနေရပြီး သူတို့ရဲ့ သဘာဝ ပတ်ဝန်းကျင် နာလန် မထူနိုင်တော့ပါဘူး။ ကျမတို့လည်း ဧရာဝတီလို့ ခေါ်တဲ့ ရတနာကို မကာကွယ်ဘူး ဆိုရင် ဧရာဝတီမြစ်ပျက်သုဉ်းခြင်းရဲ့ နောက်ဆက်တွဲ အပြစ်ဒဏ်တွေကို ခံစားကြရပါလိမ့်မယ်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာနဲ့ ဖြစ်တည်မှုဟာ ဧရာဝတီအပေါ်မှာ မူတည်နေတဲ့ အတွက်ကြောင့် ဧရာဝတီကို ကာကွယ်စောင့်ရှောက်ခြင်းဟာ တစ်နိုင်ငံလုံး အတွက် အရေးကြီးပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းသာ အကောင်အထည် ပေါ်သွားရင် တိုင်းပြည်နဲ့ လူမျိုးအတွက် ပြန်ပြင်လို့ မရနိုင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနဲ့ စီးပွားရေး ဆိုင်ရာ အပျက်အဆီးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ပြင် ရေလွှမ်းမိုးခြင်းခံရတဲ့ ဒေသတွေနဲ့ ရေလှောင်တမံ တလျှောက်က ဒေသတွေက ရပ်ကျေး လူထုတွေရဲ့ ဘဝတွေအပေါ် မြစ်ဆုံရေကာတာရဲ့ ခြိမ်းခြောက်မှုကလည်း အလွန် ကြီးမားပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် မြစ်ဆုံ ဒေသက ရပ်ကျေးလူထုတွေဟာ မိမိတို့ရဲ့ မိရိုးဖလာ အသက်မွေးဝမ်းကြောင်းနဲ့ မအပ်စပ်တဲ့နေရာတွေမှာ အတင်း အဓမ္မ ပြန်လည် နေရာချထားခြင်း ခံခဲ့ကြရပါတယ်။
မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ ဆိုးကျိုးကို တိုက်ရိုက် ခံစားရမယ့် ရပ်ကျေး လူထုတွေနဲ့ တိုင်ပင် ဆွေးနွေးခြင်း မရှိတဲ့အပြင် ပွင့်လင်းမြင်သာမှုလည်း မရှိတာကြောင့် ဧရာဝတီကို အကြောင်း အမျိုးမျိုးနဲ့ ချစ်မြတ်နိုးကြတဲ့ ကချင် တိုင်းရင်းသားတွေ သာမက မြန်မာ တိုင်းရင်းသားလူမျိုးအားလုံးကပါ စီမံကိန်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လာကြတယ်။
မြန်မာနိုင်ငံရဲ့ အရပ်ဒေသ ပေါင်းစုံမှာ မွေးဖွားခဲ့ပြီး ဇာတိဇာစ်မြစ် ကွဲပြားတဲ့ ကျမတို့တွေဟာ လူမျိုး၊ ဘာသာ စကားနဲ့ ကိုးကွယ်ယုံကြည်မှုအရလည်း ကွဲပြား ခြားနားကြပေမယ့် ဧရာဝတီကို ကယ်တင်ဖို့ ကြိုးစားရာမှာတော့ တစိတ်တဝမ်းတည်း ရှိကြပါတယ်။ ဒီစည်းလုံးခြင်းရဲ့အင်အားကပဲ ကျမတို့ ချစ်တဲ့ ဧရာဝတီကို ပြန်ပြင်လို့ မရနိုင်တဲ့ အန္တရာယ်မျိုး ကျရောက်စေမယ့် စီမံကိန်းကို ရပ်တန့်ဖို့ ကြိုးစားရာမှာ တွန်းအား ပေးပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံသားတွေ တစ်ဦးချင်းတစ်ယောက်ချင် းစီက တစ်ကြိမ် ဖြစ်စေ၊ အကြိမ်များစွာဖြစ်စေ တစ်ဒေါ်လာစီ စုပေါင်း လှူဒါန်းကြမယ်ဆိုရင် တရုတ်က ငွေကြေးထောက်ပံ့ထားတဲ့ ဧရာမ စီမံကိန်းကြီးကို တင်နေတဲ့ အကြွေးကို ပြန်ဆပ်ရမယ် ဆိုရင်လည်း ပြန်ဆပ်နိုင်မှာ ဖြစ်ပါတယ်။
ကျမတို့ဟာ အရေးကြီးရင် သွေးနီးကြတယ် ဆိုတာ သိပ်မကြာသေးတဲ့ သမိုင်းကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ၂၀၀၈ မြစ်ဝကျွန်းပေါ်ဒေသကို ဖျက်ဆီးခဲ့တဲ့ နာဂစ် မုန်တိုင်းကျရောက်လာခဲ့ချိန် အားလုံးအမှတ် ရကြမှာပါ။ အဲဒီအချိန်တုန်းက မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဟာ ဆူနာမီအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေနဲ့ ဧရာဝတီ တိုင်းဒေသကြီးမှာ ရှိနေပါတယ်။ တောင်တန်း ဒေသက ကချင်၊ ရှမ်း၊ ပအို့၊ ကယား တိုင်းရင်းသားတွေဟာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဒေသတွေ ပြန်လည် ထူထောင်ရာမှာ ကူညီဖို့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသနဲ့ တခြား မြေနိမ့်ဒေသက မြန်မာရပ်ကျေးလူထုတွေဆီကို အမြန် ဆင်းသွားကြတယ်ဆိုတာ ကျမ မျက်မြင်ကိုယ်တွေ့ပါပဲ။
ကျမတို့သာ ဆုံးဖြတ်ချက် ပြတ်သားပြီး စည်းလုံးကြမယ် ဆိုရင် မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ရပ်တန့်နိုင်မယ် ဆိုတာ ကျမ ယုံကြည်တယ်။ စီမံကိန်း ဘယ်တော့မှ ရှေ့ ဆက် မသွားစေရဘူး။ အရေးကြီးတာက ကျမတို့ဟာ ဘယ် ခြိမ်းခြောက်မှုကိုမှ အညံ့ခံလို့ မဖြစ်သလို ဆုံးဖြတ်ချက် ချရာမှာလည်း အားနည်းချက် တစုံတရာကို ပြလို့ မဖြစ်ပါဘူး။ အကယ်၍ မလုပ်နိုင်ခဲ့ဘူး ဆိုရင် ဧရာဝတီကို အသုံးချပြီး နိုင်ထက် စီးနင်းပြုလုပ်မှုတွေနဲ့ ကျမတို့နိုင်ငံကို တရစပ်အန္တရာယ်ကျရောက်မှုတွေဟာ တနိုင်ငံလုံးကို ပြန့်နှံ့လာပါလိမ့်မယ်။
ဒေသခံ ကချင် တိုင်းရင်းသားများရဲ့ နှလုံးသားထဲမှာ မြစ်ဆုံရေကာတာကို ဆန့်ကျင်တဲ့ ခံစားချက်တွေ ဘယ်လောက်တောင် ပြင်းထန်နေသလဲ ဆိုတာ ရှင်တို့ကို ပြဖို့ အာလမ်ရွာက ကျမရဲ့ အိမ်နီးချင်းတစ်ယောက် အကြောင်း ပြောပြပါရစေ။ အာလမ်ဆိုတာ မြစ်ကြီးနားနဲ့ မြစ်ဆုံကြားက ရွာလေးဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေခင်းမှာ လက်တစ်ဖက် စီမှာ ကြက်တစ်ကောင်စီနဲ့ ကျမ အိမ်ကို သူမ ရောက် လာပါတယ်။ ကြက်နှစ်ကောင်ကို တစ်သောင်း သုံးထောင်ကျပ်နဲ့ ဝယ်ဖို့ ကျမကို ပြောပါတယ်။ နောက် တနေ့ မနက် ၈ နာရီ၊ မြစ်ကြီးနားက မနောပွဲတော် ကျင်းပရာကွင်းမှာ လုပ်ဖို့ စီစဉ်ထားတဲ့ မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး ပြည်သူ့ ဆန္ဒထုတ်ဖော်ပွဲကို သွားဖို့ လမ်းစရိတ်အတွက် သူမ အရေးတကြီး ငွေလိုကြောင်း ပြောပါတယ်။ ငွေရေးကြေးရေး ခက်ခဲနေပေမယ့်လည်း ရေကာတာကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့အတူ သူမရဲ့ မျိုးချစ်စိတ်ကို ပြသဖို့ သွားသင့်တယ်လို့ သူမခံစားခဲ့ရတယ်။
ကျမရဲ့ အိမ်နီးချင်းဟာ သူမ ယာခင်းက ရသမျှလေးနဲ့ ခြစ်ခြုတ် သုံးစွဲနေရတဲ့ မုဆိုးမတစ်ယောက် ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ သားဖြစ်သူက အလုပ်ရှာဖို့ တရုတ်နိုင်ငံကို ထွက်သွားခဲ့တယ်။ သူနဲ့အတူ တရုတ်ပြည်ကို အလုပ်သွားရှာတဲ့ အဖွဲ့ကို နယ်ခြားစောင့်ရဲတွေက ဖမ်းဆီးခဲ့ပြီး တကိုယ်လုံး အကျီၤတွေ ဆွဲချွတ်ပြီး ပါလာတဲ့ပစ္စည်း အားလုံး သိမ်းယူပြီး မြန်မာပြည်နယ်စပ်ဘက်ကို ပြန်ပို့လိုက်တယ်။ အမေဖြစ်သူက သူမရဲ့ ယာခင်း တစ်စိတ်တစ်ပိုင်းကို ရောင်းချပြီး သူမ သားကို အလုပ်ရှာပေးမဲ့ ပွဲစားကိုပဲ အိမ်ပြန် စရိတ်အပါ ပေးလိုက်ရတယ်။ ကျမရဲ့ အိမ်နီးချင်းနဲ့ သူမလို ဘဝသူတွေ မြစ်ဆုံ အကြွေးတွေ ပြန်ဆပ်လို့ ရေကာတာ စီမံကိန်းကြီး ရပ်တံ့မယ်ဆိုရင် တစ်လကို တစ်ဒေါ်လာ ရက်ရက်ရောရော ပေးနိုင်လိမ့်မယ် ဆိုတာ ကျမ သေချာပေါက် သိပါတယ်။
မြစ်ဆုံ အကြွေးကို ပြန်ဝယ်တယ် ဆိုတာ ငြိမ်းချမ်းရေးကို ပြန်ဝယ်တယ် ဆိုတဲ့ သက်သေ သာဓကလို့လည်း ပြောလို့ရပါတယ်။ ဒေါသတွေ၊ မကျေနပ်ချက်တွေ၊ မမျှမတ ဆက်ဆံခံရမှု အတွက် ချုပ်တည်းထားရတဲ့ ခံစားချက်တွေနဲ့ တရား မမျှတတဲ့ ကချင်တိုင်းရင်းသား မဟုတ်သူတွေ အတွက်သာ အကျိုးအမြတ် ဖြစ်စေမယ့် မြစ်ဆုံရေကာတာလို လက်ဝါးကြီးအုပ် တဖက်သတ် စီမံကိန်းတွေကြောင့် ကချင်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် ပဍိပက္ခ ဖြစ်ပွားမှုကို မြင့်တက်လာစေပါတယ်။ မျိုးချစ်စိတ် ရှိမှု၊ ကချင်တိုင်းရင်းသားတွေရဲ့ ဆင်းရဲဒုက္ခကို စာနာ နားလည်မှုကို ပြသတဲ့ အနေနဲ့ ကချင် တိုင်းရင်းသား အားလုံးက တပြေးညီ ကန့်ကွက်နေတဲ့ စီမံကိန်း တစ်ခုကို တားဆီးဖို့ နိုင်ငံတဝှမ်းလုံးရဲ့ အားထုတ် ကြိုးပမ်းမှုကို တည်ဆောက်ယူလို့ ရနိုင်တဲ့ အပြင် နောက်ဆုံးမှာ တနိုင်ငံလုံး ပြန်လည် နာလန် ထူလာနိုင်ပါလိမ့်မယ်။
ဧရာဝတီ မြစ်ဆုံရဲ့ အနောက်ဘက် တြိဂံ ဒေသကနေ ထွက်ပြေးဖို့ ဖိအားပေး ခံရသူတွေရဲ့ အသံတွေကို နားထောင်ကြည့်ဖို့ နားတွေကို ငှားပေးရာလည်း ရောက်ပါတယ်။ မြစ်ဆုံရေကာတာရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားလိုက်တဲ့ အခါမှသာ မြေနိမ့်ဒေသက နေရပ်ရွှေ့ပြောင်းဒုက္ခသည် စခန်းတွေမှာ ညှိုးငယ်နေရတဲ့ အစား တောင်ကုန်းဒေသက သူတို့ရဲ့ အိမ်ဆီ ပြန်နိုင်မှာ ဖြစ်ပါတယ်။ တရုတ် သံအမတ် မြစ်ကြီးနားကို အလည်အပတ် ရောက်ရှိစဉ်က ရေကာတာ တည်ဆောက်ရေးကို ပံ့ပိုးမလား ဒါမှမဟုတ် နေရပ်ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ ဘေးကင်းတဲ့ အိမ်အပြန် ခရီးအတွက် အကူအညီတွေကို အဆုံးအရှုံးခံမလား ဆိုပြီး ကချင် ခရစ်ယာန် ခေါင်းဆောင်တွေကို ရွေးချယ်ခိုင်းခဲ့တဲ့ နိမိတ် မကောင်းတဲ့ ရွေးချယ်မှုကိုလည်း ဖယ်ရှား ပစ်နိုင်ပါလိမ့်မယ်။
မြစ်ဆုံ ရေကာတာကို ၂၀၁၁ မှာ ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဖိအားပေးမှုကြောင့် ရပ်ဆိုင်း ခဲ့ရတယ်။ ကျမတို့ ဖိအား ဆက်ပေးပြီး ‘No’ လို့ အားလုံး လေသံ တညီတည်း ပြောဖို့ လိုအပ်ပါတယ်။ တရုတ် လျှပ်စစ် ဓာတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းကို ပြန်ဆပ်ဖို့ ပြည်သူ့ ရန်ပုံငွေရှာဖွေရေး စည်းရုံးလှုံ့ဆော်ရေးပွဲကို စတင်ဆောင်ရွက်ခြင်းဟာ ကျမတို့ ချစ်မြတ်နိုးတဲ့ ဧရာဝတီကို ပြန်လည်ရယူဖို့ သာမက ကျမတို့ရဲ့ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ပြန်အဖတ်ဆယ်ဖို့ နည်းလမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။