Category Archive: အင်တာဗျူးများ

  1. ကျွန်တော်တို့ သေသော်လည်း မြစ်တွေကတော့ ရှင်သန်ခဲ့ရမယ်

    Leave a Comment

    ဧပြီ ၂၇ ရက်က “မြစ်ဆုံစီမံကိန်းကို ဘယ်လို ရပ်တန့်နိုင်မလဲ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် DVB Debate အစီအစဉ်၌ ပါဝင်ခဲ့သူ တဦး ဖြစ်သော ဒေါက်တာမြင့်ဇော်၏ ဆွေးနွေးမှုများ ဖြစ်ပါသည်။ အဆိုပါ Debate တွင် ဒေါက်တာ ရန်မျိုးသိမ်း၊ အစီအစဉ် တင်ဆက်သူ ကိုနေသွင်ညိဏ်းတို့နှင့်အတူ ဒေါက်တာမြင့်ဇော်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။

    ကိုနေသွင်ညိဏ်း ❏ ဆရာတို့ရဲ့ မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့အတွက် စဉ်းစားတဲ့ အနောက်ကွယ်က philosophy ပေါ။့ ဘာဖြစ်လို့ ဆရာတို့ ဒီလို လုပ်ဖို့ စဉ်းစားသလဲ၊ ဘာဖြစ်လို့ ဒီလိုလုပ်မှ ကောင်းမယ်လို့ စဉ်းစားသလဲ ဆရာ၊ အရင်ဆုံး ဆရာ့ရဲ့ ပညာရပ်ဆိုင်ရာ အမြင်ကို ကြားချင်ပါတယ်။

    ဒေါက်တာမြင့်ဇော် ◉ လက်ရှိ အခြေအနေပေါ့လေ။ ပြည်သူ အားလုံးလည်း ပူလောင် ပြင်းထန်မှုဒါဏ် ခံစားနေရတဲ့ အခြေအနေမှာ ကျွန်တော်တို့ လက်ရှိ ကြုံနေတာက အရေးပေါ် အခြေအနေ ဆိုတဲ့ စကားလုံးကို ကျွန်တော် သုံးချင်ပါတယ်။ အရေးပေါ် အခြေအနေဆိုတာက ကျွန်တော်တို့ ကြုံနေတဲ့ ရာသီဥတု ပြောင်းလဲမှု ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှု အကြောင်းကို ကျွန်တော်တို့ ပြောတဲ့ အခါမှာ ရေ အရင်းအမြစ်တွေဆီ ရောက်ပါတယ်။ ရေ အရင်းအမြစ်ဆိုတာ လူ့ယဉ်ကျေးမှု တစ်ခု ရပ်တည်ဖို့ အရေးကြီးဆုံး ကိစ္စပါ။ ရေအရင်းအမြစ် အကြောင်း ပြောရင် ကျွန်တော်တို့ မြစ်တွေဆီ ရောက်ပါတယ်။ မြစ်တွေဆိုပြီး ကျွန်တော်တို့ ပြောတဲ့ အခါမှာ မြန်မာပြည်မှာတော့ ဧရာဝတီဆီ ရောက်ပါတယ်။

    ဒါပေမယ့် ဧရာဝတီမှာ ဧရာဝတီ ဘယ်က မွေးဖွားလာလည်း ကြည့်မယ်ဆိုရင် မေခ၊ မလိခ ကို ရောက်ပါတယ်။ အခု ကျွန်တော်တို့ မြစ်ဆုံဆိုပြီး ရည်ညွှန်းနေတဲ့ ရေကာတာကြီးက ဒီ မေခ၊ မလိခ မြစ်ဝှမ်းမှာ တည်ဆောက်မှာပါ။ ဒီ ဧရာဝတီရဲ့ အရေးအကြီးဆုံး နေရာ ဖြစ်ပါတယ်။ ရေဝေရေလဲဆိုတာ ဒီ ကတော့ခွက်လေးတစ်ခုနဲ့ ကျွန်တော်တို့ မြင်အောင်ကြည့်လို့ ရပါတယ်။ ဧရာဝတီမြစ်ထဲကို ကတော့ ခွက်လေးတစ်ခုလို ရေတွေစုဆောင်းပြီးပို့တဲ့နေရာဟာ ဒီမြစ်ဝှမ်းဖြစ်ပါတယ်။ မေခမြစ် မိုင် နှစ်ရာ၊ သုံးရာလောက်ရှိတယ်။ အဲ့ဒီ့ မိုင်နစ်ရာလောက်ဟာ ရေကာတာ အဆက်အဆက်ဆောက်သွားမယ်ဆိုရင် ဆည်ရေပြင်ကြီးဖြစ်သွားပြီးတော့ မေခမြစ်ဖက် ပျက်စီးမယ်။ မေခမြစ်ဖက် တစ်ဝက်လောက်ဟာ ရေပြင်ကြီးဖြစ်ပြီး ပျက်စီးမယ်။ မေခ၊ မလိခ ပျက်စီးပြီဆိုရင် ကျွန်တော်တို့ ဒီ ဧရာဝတီအတွက် အရေးကြီးတဲ့ ဒီ ကတော့ ခွက်ကလေးကို ရိုက်ချိုးလိုက်တာ၊ ထုခြေလိုက်တာနဲ့ အတူတူပဲ။ အဲ့ဒီ့အတွက် ကျွန်တော်တို့က ဧရာဝတီ အသက်ရှင်ရေး၊ မြစ်ဆုံဆည် ရပ်တန့်ရေးဆိုတာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှု၊ ရေအရင်းအမြစ်ရှိမှ ရှင်သန်နိုင်မယ့် လူ့ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ကနေ ကျွန်တော်တို့ ပြောနေတာပါ။ တိုတိုနဲ့ပဲ ကျွန်တော်တို့ပြောလို့ရပါတယ်။ သဘာဝပတ်ဝန်းကျင် အမြင်ဖက်ကတော့လေ။ သို့သော် မြစ်ဆိုတာကတော့ ရှင်သန်ဖို့ လိုတယ်ဗျ၊ ကျွန်တော်တို့ သေသွားပြီးလည်း မြစ်ဆိုတာ ရှင်သန်နေမှ။ ဒီ လူ့အဖွဲ့အစည်း၊ ဒီ လူ့ယဉ်ကျေးမှုနဲ့ ဒီမျိုးဆက်တွေရှင်သန်နိုင်မှာပေါ့။ အဲ့ဒီ့အတွက်လည်း ကျွန်တော်တို့ ဒီ ရပ်တန့်ရေးဆိုတဲ့ အပေါ်မှာ ရပ်တည်ပြီးတော့ ပြောဆိုနေတယ်။

    (ရပ်တန့်ရေး လှုပ်ရှားမှု လုပ်တဲ့အခါ) ကျွန်တော်တို့ အခုထိ စဉ်းစားခဲ့သမျှတွေမှာ အဖြေမပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူ အများစု ဆန့်ကျင်တယ် ဆိုတာ သေချာတယ်။ သို့သော် အဖြေမပါဘူး။ အဲ့တော့ တစ်စုံတစ်ရာကို စတင် ကမ်းလှမ်းကြည့်တယ်။

    တစ်ခုကတော့ ဒါကို နေရာရွှေ့မယ်၊ အရွယ်အစားလျော့မယ် ဆိုတာ လည်း လက်မခံနိုင်ဘူး။ သဘာဝပတ်ဝန်းကျင် အမြင် အပြင် အဲ့ဒီ့နေရာက ကျွန်‌တော်တို့နေရာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ရဲ့ လူမျိုးစု ကချင်တိုင်းရင်းသားတွေရဲ့ နေရာပါ။ သူတို့ရဲ့ နေရာကို ကျွန်တော်တို့ ဖျက်စီးတာဟာ သူတို့ကို မလေးစားတာ၊ အလေးမထားတာ။ အဲ့တာဟာ ကျွန်တော်တို့ ဒီနိုင်ငံမှာ နေထိုင်သူ အချင်းချင်း နေထိုင်ရခက်စေမယ့် ကိစ္စမျိုး။ အဲ့ဒီအတွက် ဒီဟာကို လျော့တာတို့ သေးတာတို့ လက်ခံလို့မရဘူး။

    ကျွန်တော်တို့ ဒီလောက်ပြောနေတာသည် ၉၀ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းဆိုတဲ့ ရာနှုန်း အချိုးအစားတွေလည်း မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေ သူတို့မှာ တစ်ခြား ယဉ်ကျေးမှုတွေလိုမျိုး မြို့ဟောင်းကြီးတွေ ရုပ်တုကြီးတွေ မရှိဘူး။ သူတို့ရဲ့ သဘာဝအရင်းအမြစ်သည် ကျွန်တော်တို့ ကချင် တိုင်းရင်းသားတွေအတွက် ဒီသဘာဝ ပတ်ဝန်းကျင်၊ သဘာဝ အရင်းအမြစ်သည် သူတို့ရဲ့ ရတနာ။ အဲ့ဒီ့အတွက် သူတို့ရဲ့ အမွေအနှစ်ကို ဝိုင်ဝန်း ကာကွယ်ခြင်းအားဖြင့် ကျွန်တော်တို့ သူတို့ကို လေးစားရာကျမယ်။ သူတို့ကို ကျွန်တော်တို့ အပြန်အလှန် ကျွန်‌တော်တို့ ဂရုစိုက်ရာ ကျမယ်။ အဲ့ဒီ့အားဖြင့် ကျွန်တော်တို့ ရေရှည် တည်တံ့နိုင်မယ်လို့ တွေးတာပေါ့။

    ကျွန်တော်တို့ရဲ့ Campaign ရဲ့ တွေးခေါ်ပုံကတော့ ကျွန်တော်တို့ အဖြေတစ်ခု စကမ်းလှမ်းမယ်။ အဖြေသည် ဘာလဲ၊ ရပ်တန့်ဖို့ဆိုတဲ့ တူညီတဲ့ ဦးတည်ချက်အပေါ်မှာ နည်းလမ်းတွေတော့ ကျွန်တော်တို့ အမျိုးမျိုး ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ တွေးလို့ရတဲ့ နည်းလမ်းကတော့ ကျွန်တော်တို့ ဒါ အပြီးတိုင် ရပ်တန့်သွားဖို့ ဆိုရင် ကျွန်တော်တို့ တစ်စုံတစ်ရာနဲ့ ကမ်းလှမ်းမယ်ပေါ့ဗျာ၊ လျော်ရမယ်ဆိုလည်း ပြည်သူတွေ စုပြီးတော့ လျော်ကြမယ် ဒီလို ကျွန်တော်တို့ တွေးပါတယ်။

    ကိုနေသွင်ညိဏ်း ❏ ဆရာထပ်ပြီး ဖြည့်ချင်တာ ရှိလား။ (ဒေါက်တာ ရန်မျိုးုသိမ်း ပြောကြားခဲ့သည့် အပေါ် ရည်ညွှန်းသော မေးခွန်း)

    ဒေါက်တာမြင့်ဇော် ◉ ဖြည့်ချင်တာလေး နည်နည်းရှိတယ်ဗျ၊ တစ်ခုကတော့ ဆရာပြောတာတွေ ကျွန်တော်တို့ စဉ်းစား စရာတွေ အများကြီးရပါတယ်။ ဒါပေမယ့် ဆရာ ကျွန်တော့်ကို ခုနက Describe ပေါ့လေ သရုပ်ဖော်သွား တာမှာ စိတ်ခံစားမှုနဲ့ ပြောတယ် ဆိုတာ‌လေးတော့ ကျွန်တော် ချေပဖို့ ရှိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ စိတ် ပူပန်တယ်။ ကျွန်တော်တို့ စိတ်လှုပ်ရှားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အချက်အလက်တွေပေါ်မှာ အခြေခံပြီးတွေးလို့။ အချက်အလက်တွေ၊ သုတေသနတွေ အထောက်အထားတွေပေါ်မှာ ‌ထောက်ထားပြီးတော့ မြင်ထား သိထားတဲ့ အခြေအနေတွေပေါ်မှာ ကျွန်တော်တို့ စိတ်လှုပ်ရှားတာ။

    မြန်မာပြည်မှာ ဒီ မြစ်ဆုံဆည်၊ အခု ဒီမှာ လူငယ်တွေလည်း အများကြီးပါတယ်၊ မြစ်ဆုံ ရေကာတာ၊ မြစ်တွေနဲ့ ပတ်သတ်လို့ ဒီ ဒေါက်တာ ချစ်ကိုကို (ဘူမိဗေဒ အင်ဂျင်နီယာ) သူတို့ ရေးထားတဲ့ စာအုပ်တွေရှိတယ်။ နောက် ‌ဦးဝင်းကျော် ဟိုတုန်းက ရေအား လျပ်စစ်ဌာန ရဲ. ညွှန်ကြားရေးမှုချုပ်ပဲ သူတို့ ရေးထားတဲ့ စာအုပ်တွေရှိတယ်။ နောက် ဦးမြင့်သိန်း။ ဒါတွေ ဘာကြောင့် ကျွန်တော်တို့ စိုးရိမ်ရတယ်၊ ဘယ်လို အ‌ထောက်အထားတွေ ရှိတယ်၊ ဘယ်လို သုတေသနတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ပြောတယ်၊ အဲ့တော့ ကျွန်တော်တို့ကို စိတ် လှုပ်ရှားနေသူတွေ၊ စိတ်ခံစားမှု ဦးစားပေးသူတွေလို့ တံဆိပ်ကပ်မယ်ဆိုရင် ကျွန်တော်တို့ စိတ်လှုပ်လျားမှုတွေရဲ့ နောက်ကွယ်မှာ ဘယ် အထောက်အထားတွေ၊ ဘယ် သုတေသနတွေကြောင့်လို့ အဖြေရှာတာတွေဟာ ပိုပြီးတော့ ဆီလျော်မယ်လို့ ထင်တယ်။

    ကိုနေသွင်ညိဏ်း ❏ မြစ်ဆုံစီမံကိန်း ကို ရပ်တန်.လိုက်ရင် ဘာအကျိုးဆက်တွေ ရှိမလဲ။

    ဒေါက်တာမြင့်ဇော် ◉ ဒီဟာမှာ တရုတ်ဖက်က ရပ်တန့်လိုက်ခြင်းအားဖြင့် ဘာ အကျိုးဆက်တွေရှိမလဲ စဉ်းစားတာ ရှိတယ်။ နောက်မေးခွန်းတစ်ခုက မြန်မာနိုင်ငံဖက် ကရော ဘာ အကျိုးဆက်တွေ ဖြစ်လာတာ ရှိမလဲ။ သေချာတာတော့ ဒါသည် ပြည်သူ အများစု မလိုလားတဲ့ စီမံကိန်း။ အဲဒီ အတွက် ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့ ကတော့ ကျွန်တော်တို့ ဂုဏ်သိက္ခာ ကျွန်တော်တို့ရဲ့ ငါတို့ရဲ့ရေမြေ ကာကွယ်ဖို့ အတွက် ငါတို့ ကြိုးစား ခဲ့တယ် ဆိုတဲ့ အောင်မြင်မှု တစ်ခု ပြည်သူ့လက်ထဲမှာ ရောက်သွားမယ်ပေါ့။

    အဲ့တာသည် နိုင်ငံ လည်း ဂုဏ်သိက္ခာ ရှိတဲ့ ကိစ္စ။ ပြည်သူလည်း ဂုဏ်သိက္ခာရှိတဲ့ကိစ္စ။ နောက်တစ်ခု တရုတ်နိုင်ငံက ကျွန်တော်တို့ကို နိုင့်ထက် စီးနင်းမလုပ်ဘူး သူတို့အ ားကြီးတာ ကျွန်တော်တို. လက်ခံတယ်။ သို့သော် သူတို့ အနိုင်မကျင့်ဘူး။ ပြေလည်ရာ ပြေလည်ကြောင်း ညှိနှိုင်းပြီး လက်ခံပေးတယ် ဆိုကတည်းက သူတို့နဲ့ ကျွန်တော်တို့ ကြားမှာ ပိုပြီးတော့ ချစ်ကြည်စရာပဲ ရှိတယ်။ ပိုပြီးတော့ နားလည်မှုနဲ့ ရေရှည်သွ ားလို့ရမယ့် နည်းလမ်းပဲဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ဒီလိုမြင်တယ်။

    ကိုနေသွင်ညိဏ်း ❏ နောက်တစ်ခုက ကျတော့ ကျွန်တော်တို့ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ ထွက်လာတဲ့ လျှပ်စစ် ဓာတ်အားကို ခွဲဝေမှုနဲ့ ပတ်သတ်ပြီး မြန်မာပြည်က နည်းတယ်လို့ ပြောတယ်။ နည်းတယ်ဆိုတဲ့ ပမာဏကပဲ တကယ် မြန်မာပြည်အတွက် သုံးရင် တော်တော်လေး ပြန့်နှံ့သွားနိုင်တဲ့ ပုံစံပေါ့လေ။ ပြောချင်တာက မြန်မာနိုင်ငံမှာ ရှိတဲ့ လျှပ်စစ်ဓတ်အား ရရှိမှုဟာ လူဦးရေရဲ့ တော်တော် နည်းနည်းပဲ ဖြစ်နေတယ်။ တော်တော်များများက လျပ်စစ်ဓတ်အား မရကြသေးဘူး။ ဆိုတော့ ကျွန်တော်တို့က မြစ်ဆုံ မလုပ်ဘူး၊ ရေအား လျှပ်စစ်မှန်သမျှ ဆန့်ကျင်ကြ၊ ရေကာတာ မှန်သမျှ ဆန့်ကျင်ကြဆိုရင် ကျွန်တော်တို့ လျပ်စစ်ဓာတ်အားကို ဘယ်က ရမလဲ။ ဒါလည်း စိုးရိမ်သောကတစ်ခုပဲ။ အစိုးရ အနေနဲ့ကျတော့ သူတို့မှာလည်း ဖိအား ရှိနိုင်တာပေါ့နော်။ ပြည်သူလူထုက ရန်ကုန်မှာ မီးပျက်ရင်တောင်မှ အော်နေကြတယ်။ မြို့ကြီးတွေမှာ မီးပျက်ရင် အော်နေကြတယ်ဆိုတော့ ဒီလိုဆိုရင် လျှပ်စစ်ဓာတ်အားကို ဘယ်ကရမလဲ။ အစိုးရအနေနဲ့ ရွေးကောက်ပွဲလည်း နီးနေပြီ။ သူတို့ မပေးနိုင်ဘူးဆိုရင် သူတို့မှာလည်း ပြဿနာ ရှိနိုင်တာပေါ့။ အဲ့အခါကျတော့ ဘယ်လို လုပ်ကြမလဲ။

    ဒေါက်တာမြင့်ဇော် ◉ ဆရာ ဒီမေးခွန်းက နေရာတိုင်း ပေါ့လေ။ ရေကာတာ ဆောက်ချင်တဲ့ ဖက်က Pre Test ပေါ့လေ။ အကြောင်းပြတာပေါ့။ လျပ်စစ်စွမ်းအင် ဆိုတာကို အကြောင်းပြတယ်။ တစ်ကယ်လို့များ ရိုးရိုးသားသား မြန်မာပြည် လျပ်စစ်မီး ဘယ်လိုရမလဲလို့ စဉ်းစားရင် ကျွန်တော်တို့ စဉ်းစားလို့ ရမယ့် နည်းလမ်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အခုက ကျွန်တော် တို့ကို ခင်ဗျားတို့က ရေကာတာ ဆန့်ကျင် နေတာလား။ လူတွေ စွမ်းအင် မရအောင် လုပ်နေတာလား ဆိုပြီး ကျွန်တော်တို့ကို ချောင်ပိတ်တဲ့ ဟာမျိုးရှိတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို ပြန်ပြီးတော့ မေးချင်တယ်။ ခင်ဗျားတို့ စွမ်းအင်ကိစ္စ အမှန်တစ်ကယ် စိုးရိမ် ပူပန်လို့ ပြောနေတာလား၊ ရေကာတာဆောက်ချင်လို့ ပြောနေတာလား။

    ဆိုတော့ စွမ်းအင်ဆိုရင်တော့ လက်ရှိ မြန်မာနိုင်ငံရဲ့ လျက်စစ်ဖြန့်ဝေနေတဲ့ ပမာဏမှာ ဆုံးရှုံးမှုက ၂၀ ရာခိုင်နှုန်းရှိတယ်။ ဒီ သွယ်တန်းမှုတွေ ပြင်လိုက်ရုံနဲ့ ပြန်တက် လာမယ့် စွမ်းအင် ပမာဏရှိတယ်။ နောက်တစ်ခု ကျွန်တော်တို့ နောက်တစ်ခုက နေရောင်ခြည် စွမ်းအင်လိုမျိုးကနေ ၁၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ရနိုင်တယ်။ စွမ်းအင်နဲ့ ပတ်သတ်လို့ အဆိုပြုချက်တွေ ရှိတယ်၊ အစိုးရအနေနဲ့ရော တရုတ်နိုင်ငံသည် ကမ္ဘာမှာ အကြီးဆုံး နေအား လျပ်စစ်ကို ကမ္ဘာနဲ့ချီပြီး လုပ်နေတဲ့ နိုင်ငံ။ ကျွန်တော်တို့ နိုင်ငံ အမှန်တကယ် စွမ်းအင်ရဖို့သာ စေတနာရှိတယ်ဆိုရင် သူတို့ လုပ်ပေးလို့ ရတာတွေ၊ ကျွန်တော်တို့ စွမ်းအင် ဖူလုံအောင် လုပ်လို့ရတာတွေ အများကြီးရှိတယ်။

    အခုဟာက ကျွန်တော် အဲ့စကားကို ပြောရင်းနဲ့ အချုပ်အခြာ အာဏာဖက်ကို ရောက်တယ်။ တရုတ်နိုင်ငံ အနေနဲ့ မြစ်ဆုံလို စီမံကိန်းကို လုပ်ခြင်းအားဖြင့်၊ မေခ၊ မလိခ မြစ်ဝှမ်းကို ထိန်းလိုက်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ အချုပ်အခြာ အာဏာကို ကျွန်တော်တို့ရဲ့ ရေ အရင်းအမြစ်ကို ထိမ်းချုပ်လိုက်ပြီးသား ဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ နောက်ဆက်တွဲ အနေနဲ့ ကြုံရမယ့် ကိစ္စတွေက အများကြီး ရှိတယ်ပေါ့၊ အဲ့အတွက် ကျွန်တော်တို့တော့ ဒီ စွမ်းအင်သည် စွမ်းအင် ရှာလို့ရမယ့် နည်းလမ်းတွေ အများကြီးရှိတယ်။ လက်ရှိ ကျွန်တော်တို့ ပြောနေတာဟာ အပျက်အစီး များတယ်၊ အဲ့နေရာမှာ အပျက်အစီး များတယ်ဆိုတာက ပြန်ပြင်ရန် ခက်ခဲသော ဆိုတာကို ကျွန်တော်တို့ ထည့်ရမယ်ဗျ၊ အဲ့လောက် ပမာဏ ကြီးတာကြီးတစ်ခုသည် ချွတ်ချော် လွဲချော်ပြီးသွားရင် ပြန်ပြင်နိုင်မယ့် အနေအထား မဟုတ်ဘူး။ မျိုးဆက်နဲ့ ချီပြီး၊ လူ့ယဉ်ကျေးမှုနဲ့ ချီပြီး ခံပေတော့ပဲ အဲ့အခြေအနေ အတွက် ကျွန်တော်တို့ ပြောနေတာ။

    ကိုနေသွင်ညိဏ်း ❏ အခု ပြောနေတာက ရေကာတာနဲ့ ပတ်သတ်ပြီး အဆိုးဖက်ကိုပဲ ဇောင်းပေးနေကြတယ်။ သူ့နဲ့ ပတ်သတ်တဲ့ ကောင်းကျိုး‌တွေကို မပြောကြဘူး ဆိုတဲ့ ပြောကြတာရှိပါတယ်၊ အဲ့တာကြောင့် Intellectual honesty ပေါ့လေ၊ ပညာရပ် ဆိုင်ရာ ရိုးသားမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက် ရှိပါတယ်။ ‌နမူနာပေးကြတာ လောပိတ ရေအားလျပ်စစ်ရှိပါတယ် မြန်မာပြည်မှာ။ နှစ် ၅၀၊ ၆၀ ရှိပြီဆောက်လာတယ်။ သို့သော် လောပိတတောင်မှ ဘီလူးချောင်းကြီးက ဒီတိုင်း ဆက်စီးနေတယ်၊ ဘီလ‌ူးချောင်းကြီး ပျောက်သွားတာလည်း မဟုတ်ဘူး၊ အဲ့တာ ဘာဖြစ်လို့ မြစ်ဆုံကိုမှ ဒီလောက် စိုးရိမ်ပူပန်မှု ဖြစ်‌‌နေကြတယ်၊ ဘာလို့ ဒီလောက်တောင်မှ ပြောနေကြတယ် ဆိုတဲ့ဟာ။ အဲ့နောက်ကွယ်မှာ Intellectual honesty ရှိရဲ့လားဆိုတဲ့ဟာ ‌‌ဆရာ ဖြေလို့ရမလား။

    ဒေါက်တာမြင့်ဇော် ◉ ဆရာ ဒီဟာကတော့ ကျွန်တော်တို့ ရှင်းတယ်ဗျ။ ရှင်းတယ်ဆိုတာ ပညာရပ် ဆိုင်ရာ ရိုးဖြောင့်မှု ရှိရဲ့လားလို့ မေးတဲ့သူတွေ အပေါ်မှာ ကျွန်တော်တို့ ပြန်မေးချင်တာ ခင်ဗျားတို့‌ရော နိုင်ငံရေးအရ ရိုးဖြောင့်မှု ရှိရဲ့လား၊ ခင်ဗျားတို့ရော ဘယ် အကျိုးစီးပွားတွေပေါ်မှာ ဒီစကားတွေကို ထုတ်ပြောနေလဲ ဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်လို့ရတယ် ဆရာ။

    လောပိတပြောတယ်။ ရေကာတာ တစ်ခု တိုင်းဟာ ဘယ်နေရာမှာ တည်ရှိတယ်၊ ဘာ အကျိုးစီးပွား ဘယ်လို အကျိုးအပြစ်တွေ ရှိတယ်ဆိုတာကို ဆန်းစစ်ရတာ ထုံးစံပဲ။ ရေကာတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ ရေကာတာ ဆန့်ကျင်ရေး လုပ်နေတာ မဟုတ်ဘူး။ မနှစ်ကပဲ ကျွန်တော်တို့ တစ်နိုင်ငံလုံမှာရှိတဲ့ မြစ်ဝှမ်းတွေနဲ့ ပတ်သတ်တဲ့ ဆန်းစစ်ချက်တွေ ကျွန်တော်တို့ ထွက်သွားတယ်၊ ဘယ် နေရာတွေမှာေ တာ့ လုပ်လို့ ရတယ်၊ ဘယ်နေရာတွေမှာတော့ အတော်အတန် အန္တရယ်နည်းတယ်၊ ဘယ်နေရာတွေမှာတော့ အန္တရယ်များတယ်၊ ဘယ်နေရာတော့ အန္တရယ် အမြင့်ဆုံးပဲ ဘာတွေတော့ ကျွန်တော်တို့ သတိထားမှ။ ဒီလိုမျိုး ဆန်းစစ်မှု ကျယ်ကျယ်ပြန့်ပြန့်။ အစိုးရရဲ့ ဝန်ကြီးဌာနတွေ ကိုယ်တိုင်လည်း ပါတယ်ဗျ။ အဲ့ဒီ့ဟာတွေ ကျွန်တော်တို့ ဒါတွေ ရှိထားပြီးသား။

    အဲဒီအတွက် ကျွန်တော်တို့ ဖက်က အ‌ထောက်အထားတွေနဲ့ လေ့လာချက်တွေရယ်၊ ကျွန်တော်တို့ရဲ့ ရိုးဖြောင့်မှု၊ ပညာရပ်ဆိုင်ရာ အခန်းကဏ္ဍအရ ရိုးဖြောင့်မှုကို ကြိုက်တဲ့ အချိန် စစ်ဆေးခံနိုင်တယ်၊ ကျွန်တော် ထင်တယ် နောက် ပညာရပ် ဆိုင်ရာအရ ရိုးဖြောင့်မှု ရှိ မရှိ ဆိုတာက ကြည့်ရတာ လွယ်တယ်။ ကျွန်တော်တို့ရဲ့ စာတန်းတွေ သုတေသနတွေကို ကြည့်လိုက်ယုံပဲ။ နိုင်ငံရေးအရ ပြောနေတဲ့ သူတွေရဲ့ နိုင်ငံရေး နောက်ခံမှာ ရိုးဖြောင့်မှု ရှိမရှိဆိုတာကို ဘာနဲ့ကြည့်မလဲ ကျွန်တော်တို့က အဲ့လိုမျိုး ကျွန်တော် စိန်ခေါ်ချင်ပါတယ်။

    ❏ သုတေသနများ အပေါ် မေးခွန်းထုတ်မှု၊ ပညာရပ်ဆိုင်ရာ ရိုးဖြောင့်မှုအပေါ် ပြောဆိုခဲ့သော ဦးဇော်အောင်၏ ပြောကြားချက်များအပေါ် တုံ့ပြန်ချက်။

    ဒေါက်တာမြင့်ဇော် ◉ သူပြောတာ ကျွန်တော် သ‌ဘောတူတယ်။ တူတာ ဘာ တူတာလဲ ဆိုရင် ကျွန်တော်တို့မှာ သုတေသန အချက်အလက်တွေ လိုတယ်။ ဒါတွေကို ကျွန်တော်တို့ ရိုးသားဖို့ လိုတယ်၊ ဘက်စုံဖို့ လိုတယ်၊ ကျွန်တော်တို့ ပြောနေရတာပဲ။ ဒီဟာက စီးပွားရေးတစ်ခုတည်းနဲ့ တွက်လို့ ရတဲ့ ကိစ္စမဟုတ်ဘူး။ အများကြီး ထည့်သွင်းတွက်ချက်ရမယ်။ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ တွက်ရမယ်၊ အဲ့ဒီ့အတွက် ကျွန်တော်တို့ လုပ်ရတဲ့ အခါမှာ အချိန်ယူကြရတယ်။ အချိန်ယူပြီး လုပ်ရမယ်။

    ဒါပေမယ့် ပညာရပ်ပိုင်းဆိုင်ရာ ပညာရှင်တို့သည် သုတေသနတစ်ခုအတွက် နှစ်ပေါင်းများစွာ မြှပ်နှံထားပြီးတော့ စကား ပြောကြတာတွေကြီးပဲ။ ကျွန်တော် ဒါကို ဥပမာ တစ်ခု ယှဉ်ပြီးတော့ တင်ပြလို့ရလဲဆိုရင် မြစ်ဆုံ စီမံကိန်းဟာ ကမ္ဘာမှာ အကြီးဆုံး စီမံကိန်း ၁၀ ခုထဲမှာ ပါတဲ့ တစ်ခု။ အဲဒီ့လောက်ပမာဏကြီးတဲ့ စီမံကိန်းကြီးတစ်ခုလုံးကို ၂ နှစ်နဲ့ အပြီးတိုင် လုပ်သွားတာ လွန်တယ်ဆိုတဲ့ စကားဟာ ကျွန်တော် ပြောတာ မဟုတ်ဘူး။ အဲ့တုန်းက ရေအားလျပ်စစ်နဲ့ ပတ်သတ်တဲ့ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းကျော် ပြောသွားတဲ့ဟာ ရှိတယ်။ ဒီလောက် ပမာဏကြီးပြီး ဒီလောက် အများကြီး ဆန်းစစ်တွက်ချက်ဖို့လိုတဲ့ဟာ ကျွန်တော်တို့မှာ အဲ့ အထက်ပိုင်းတွေနဲ့ ပတ်သက်တဲ့ data ဘာမှာမရှိဘူး။ အောက်ခြေနဲ့ ပတ်သက်တဲ့ ဆန်းစစ်ချက် ဘာမှ မလုပ်ခဲ့ဘူး။ အဲ့နေရာလေးမှာလဲ Bio Diversity ဆိုတာ‌လေးကို သူတို့ ကွက်ကွက်လေး လုပ်ခဲ့တယ်။

    အဲ့ဒီတော့ ကျွန်တော်တို့က ဒီဆရာ စွပ်စွဲသလိုမျိုး တစ်ခုခု အဖြေထုတ်ပြီးတော့မှ ကိုယ့် Agenda ကို တင်တယ် ဆိုရင် အဲ့ စွပ်စွဲချက်က လွဲနေပြီ။

    ၁) ပညာရှင် တစ်ယောက်သည် အဲဒီ ပညာရပ်ဆိုင်ရာ အတွက် သူ ရင်းနှီးမြုပ်နှံခဲ့ရတဲ့ ကာလ အများကြီးပဲ။

    ၂) သူသည် သူ့ပညာရပ်ဆိုင်ရာ အမြင်၊ ခွင်၊ ထောင့်ထဲကနေ Measure အကုန်လုံးနဲ့ သူကြည့်ကြတာ။

    ၃) အလျင်စလိုတွေ ဒါကြီးကို တွန်းနေတာသည် စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားတွေ အရ တွန်းနေတာ။ ပညာရှင်တွေသည် အဲ့နောက်ကိုတောင် မနည်း မီအောင်လိုက်ပြီးမှ ။ နေကြ ပါဦးဗျ။ ဒီလောက်တော့ မလုပ်ကြနဲ့။ ခင်ဗျားတို့ ဒါတော့ သတိထားဦးဆိုပြီး အဲ့နောက်က လိုက်ပြောရတာ။

    နောက် ကျွန်တော်တို့လို နိုင်ငံမျိုးမှာ နိုင်ငံရေး သမားတွေ ရပ်တည်ကြတာ၊ စီးပွားရေး သမားတွေ ရပ်တည်ကြတာ ဘယ်သူတွေ။ ကျွန်တော်တို့ ရပ်တည်တာလဲ။ ဘယ်သူက ဒီလိုတော့ ရှိတယ်ဗျ၊ ဟိုတုန်းက ရေကာတာ ဆိုတာကိုတောင် ရေးလို့ မရပဲ ဆင်ဆာဖြတ်နေတဲ့ အချိန်မျိုးတွေမှာ ဘယ်သူတွေသည် ရေလှောင်ကန် ဆိုတဲ့ စကားလုံးကို သုံးပြီးတော့ လူထုထဲကို သိအောင် လုပ်ခဲ့တာလဲ။ ဒါတွေက ကျွန်တော်တို့ ပြောလို့၊ ရှင်းလို့ရတဲ့ ကိစ္စပါ။ အဲ့တော့ ဒီ ဆရာပြောသွားတဲ့ ကိစ္စမှာ ကျွန်တော်တို့နဲ့ ပတ်သတ်တဲ့ သုတေသန ပိုင်းဆိုင်ရာတွေသည် Pre Judge, Pre Determine ပေါ့လေ။ အဲ့ဒီ့ယူဆချက်တွေသည် မှားတယ်။ ပညာရှင်အများစု ဘက်ကနေ ကျွန်တော် ပြတ်ပြတ်သားသား ငြင်းလို့ရတယ်။ နောက်တစ်ခုက တရောသောပါး တွန်းနေတာတွေသည် နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးအမြတ်တွေ ကနေ တွန်းနေတာ။ သူ စွပ်စွဲမယ် ဆိုရင် အဲ့ဒီ သူတွေကို ပြန်စွပ်စွဲရမှာလို့ ကျွန်‌တော့် အနေနဲ့ ပြောချင်ပါတယ်။

    ကိုနေသွင်ညိဏ်း ❏ ပြည်သူတွေထဲမှာ Anti-China sentiment များ နေတယ်။ တရုတ်ဆန့်ကျင်ရေး များတယ်။ အဲဒီတော့ မြစ်ဆုံက တရုတ်က မဆောက်ပဲ ဂျပန်၊ ဂျာမနီက ဆောက်မယ် ဆို ဘယ်လိုနေမလဲ၊။ ပြည်သူတွေက တမျိုး စဉ်းစားမလား။ အဲတော့ မြစ်ဆုံ မဟုတ်ပဲ တရုတ်နိုင်ငံနဲ့ တခြား new project တွေ လုပ်မယ် ဆိုရင်ကော ပြည်သူတွေက လက်ခံပါ့မလား။

    ဒေါက်တာမြင့်ဇော် ◉ ကျွန်တော်လည်း အခုပြောသွားတဲ့ ကိစ္စ။ အထူးသဖြင့် ဆရာ ပြောသွားတဲ့ ကိစ္စ မြစ်ဆုံ စီမံကိန်း၊ မြစ်ဆံဆည်‌ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုကို တရုတ် ဆန့်ကျင်ရေး အနေနဲ့ ပုံဖော်ကြတာတွေ ရှိတယ်။

    ကျွန်တော့်အနေနဲ့တော့ ကျွန်တော်တို့ စကားလုံးတွေရဲ့ မပြည့်စုံမှုတို့ ဘာတို့ ရှိတယ် ပေါ့ဗျာ။ ဒီစကားလုံးတွေကို ကျွန်တော်တို့ သတိထားစေချင်တယ်။ ကျွန်တော်တို့ ဘာတွေကို ဆန့်ကျင်နေတာလဲ ဒီနိုင်ငံက ပြည်သူတွေ ဘာတွေကို ဆန့်ကျင်နေတာလဲ။ ကျွန်တော်တို့ တရုတ် ဆန့်ကျင်ရေး လုံးဝ မဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်။

    ဘာကို ကျွန်တော်တို့ ဆန့်ကျင်လဲ ဆိုတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အဲ့တာတွေနဲ့တော့ ပြဿနာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ လက်ပံတောင်းမှာ ရှိတယ်။ တစ်ခြား တစ်ခြားသော နေရာဌာနတွေမှာရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀လုံးက စစ်အစိုးရက တရုတ်ရဲ့ အထောက်အကူနဲ့ ရပ်တည်ခဲ့တာ ရှိတယ်။ အဲ့အတွက် ပြည်သူတွေနစ်နာခဲ့တာတွေ ရှိတယ်။ အဲ့ဒီ့ ဟာကြီးကတော့ ဖျောက်လို့မရဘူး။ ဒါကြီးက ပေါ်‌နေတဲ့ကိစ္စ။ ဘယ် စီမံကိန်းတွေကြောင့် ပြည်သူတွေ ဘယ်လောက် အကျိုးမျာ းသွားလဲ ဆိုတဲ့ မေးခွန်းတော့ရှိတယ်။ အကျိုးမများရင်တော့ ပြည်သူတွေ မေးခွန်း ထုတ်မယ်။ ဒါနဲ့ပတ်သတ်လို့ ဆန့်ကျင်တာတွေတော့ ရှိမယ်။

    ဒါပေမယ့် ဒါကြီးတစ်ခုလုံးကို သိမ်းကြုံးပြီး တရုတ်ဆန့်ကျင်‌ရေးလှုပ်ရှားမှုလို့ နာမည် တပ်တာတော့ အန္တရယ်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ပြည်သူတွေမှာတော့ သူတို့ အခွင့်အရေး သူတို့ ကာကွယ်ပိုင်ခွင့် ရှိတယ်။ စီမံကိန်းတွေကြောင့် သူတို့ကို ထိခိုက်ရင် သူတို့ အနေနဲ့တော့ ဒါ ရင်ဆိုင်ရမှာပဲ။ ပြောရမှာပဲ။ ဒါပေမယ့် ရင်းနှီးမြုပ်နှံတဲ့သူဟာ ဂျပန် ဖြစ်နေရင်လည်း သူတို့ ဆန့်ကျင်ကြမှာပဲ။ တရုတ်ဖြစ်နေရင်လဲ သူတို့ ဆန့်ကျင်ကြမှာပဲ။ လူမျိုးကို အ‌ခြေပြုပြီးတော့ ဆန့်ကျင်တာမျိုး မဟုတ်ပဲနဲ့ ကျွန်တော်တို့ ပြည်သူဟာ ပြည်သူ့ အခွင့်အရေး၊ ပြည်သူ့ ဂုဏ်သိက္ခာ အပေါ်မှာ ရပ်တည်ပြီး ဆန့်ကျင်နေတယ်လို့ ကျွန်တော် မြင်တယ်။

    အမေးအဖြေကဏ္ဍ ❏ ကျွန်တော်တို့ ပြည်သူ လူထုတွေက တရုတ်ဆီကလည်း ဘယ်တုန်းကမှ ချေးထားတာ ပေါင်ထားတာ မရှိပဲနဲ့ အခုမှ‌ လျော်ကြေးပေးတော့မှ ပြည်သူတွေက ပေးရမှာလား။

    ဒေါက်တာမြင့်ဇော် ◉ ကျွန်တော်လည်း အဲ့တာပဲ ပြောမလို့ ခင်ဗျ။ ကျွန်တော်တို့ 1USD Campaign ဆိုပြီး စပြီးတော့ တင်ပြတယ် ပေါ့ဗျာ။ အဆိုပြုတဲ့ အချိန်မှာ အဓိက ထွက်လာတဲ့ မေးခွန်းက ဒီမေးခွန်းပေါ့။ ကျွန်တော်တို့ လုပ်ခဲ့တာ မဟုတ်ဘူး။ ဘာကိစ္စ ကျွန်တော်တို့ တာဝန်ယူရမလဲ။

    အဲ့ဒီအတွက် ကျွန်တော်တို့လည်း ကြို စဉ်းစားထားပြီးသားရှိတယ်။ ဘာလဲဆိုတော့ အခြေအနေက ကျွန်တော်တို့ ရင်ဝမှာ လှံ လာစူးနေတဲ့ အခြေအနေ၊ ဆိုတော့ ဒီ လှံစူးရတဲ့ အကြောင်းအရင်းကို လက်တလောမှာ ရှာဖို့၊ အကြောင်းအရင်းတွေ သိတယ်၊ ကိုယ့် တစ်ဘို့တည်းပဲကြည့်ပြီး လုပ်သွားတဲ့ ကိစ္စတွေကြောင့် လှံစူးရတာ သိတယ်၊ သိုသော် အဲ့ဒီ့ဟာတွေကို ကျွန်တော်တို့ မစဉ်းစား အားသေးဘဲနဲ့ လောလောဆယ် ကျွန်တော်တို့ ဒါကြီးကို ကျွန်တော်တို့ ဘယ်လို ကယ်မလဲ။ ဘယ်လို စဉ်းစားမလဲ။ ဒီ လာစူးနေတာ ကျွန်တော်တို့ရဲ့ နှလုံးသား ဆိုလည်းဟုတ်တယ်။ ဒီနှလုံးခုန်သံ ရပ်သွားရင် အများကြီး ဒုက္ခရောက်ဖို့တွေ ရှိတယ်။ အဲ့အတွက် လောလောဆယ် ဒီဆူးကို ဆွဲထုတ်ဖို့ စဉ်းစားကြတဲ့ စဉ်းစားချက်ပေါ့။

    ကျွန်တော်တို့ တင်ပြတဲ့ အထဲမှာ ကျွန်တော်တို့ ဝန်ခံတယ်။ တရားမျှတတဲ့ အပိုင်း အဲ့ဒီမှာ မတင်ပြနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ တရားမျှတမှု အပိုင်းကတော့ အခုထိလည်း ဒီ လူအဖွဲ့အစည်း တစ်ခုလုံးက အတိတ်မှာ ဖြစ်ခဲ့သမျှသော လွဲချော်မှုတွေ အတွက် တရားမျှတမှု ရှာဖို့ ခရီး ဆက်နေကြတုန်း။ ကျွန်တော်တို့လည်း ခရီးဆက်မှာပဲ သို့သော် အဲ့ခရီးကို ပန်းတိုင် မရောက်ခင်မှာ လောလောဆယ် စူးနေတဲ့ ဆူး၊ ကို ဂုဏ်သိက္ခာရှိရှိ ကျွန်တော်တို့ ဆွဲထုတ်ဖို့ ကြိုးစားတာ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ တရုတ်နိုင်ငံ အနေနဲ့လည်း မျက်နှာပျက်ချင်မှာ မဟုတ်ဘူး။ သူတို့နဲ့ ကျွန်တော်တို့ ခုနက ဆွေးနွေးသွားသလို သူ့ဆီက အခွင့်အလမ်း၊ သူ့ရဲ့ အားနဲ့ လုပ်လို့ရမယ့် ဟာတွေလည်းရှိမှာပဲ။ အဲ့ဒီ့အတွက် ကျွန်တော်တို့ စဉ်းစားကြတာပေါ့။ နှစ်ဘက်လုံး သိက္ခာရှိရှိနဲ့ လောလောဆယ် စူးနေတဲ့ ဆူးကို ဆွဲထုတ်ဖို့ ကြိုးစားကြစို့။ တရားမျှတမှုကိစ္စတွေ မေးခွန်း ထုတ်စရာရှိတယ်။ ဘယ်သူတွေ စားသွားပြီးတော့ ဘယ်သူတွေက ဒုက္ခ တွေခံရတယ်၊ ဒါတွေကလည်း မေးခွန်းတွေရှိတယ်။ ဒါတွေကလည်း Legitimate ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

    အမေးအဖြေကဏ္ဍ ❏ မြစ်ဆုံစီမံကိန်း စာချုပ်မှာ ဘာ အချက်တွေ ပါလဲ။

    ဒေါက်တာမြင့်ဇော် ◉ ဒီ ဥပဒေကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်း။ ကျွန်တော်တို့ ဆရာ မေးတဲ့ မေးခွန်းလိုပဲ ကျွန်တော်တို့ မသိဘူး။ ဒီစာချုပ်မှာ ဘာတွေ ပါနေလဲ။ ဘာကြောင့်များ မသိရတာလည်း။ ဒါပေမယ့် ကျွန်တော်တို့ တစ်စုံတစ်ရာ လွဲချော်မှုတွေ အများကြီး ရှိနေနိုင်တယ်လို့တော့ ကျွန်တော် ယူဆတယ်။

    မှန်းဆဖို့အတွက် အကိုးအကား ဘယ်ကနေ ရလဲဆိုရင် ၂၀၁၆ – ၂၀၁၇ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာ ရှိတယ်ပေါ့နော်။ အဲဒီ အစီရင်ခံစာရဲ့ စာမျက်နှာ တစ်ခုမှာ ၁၃၉ မှာ သူ ဘာရေးထားလဲဆိုရင် ကျွန်တော်တို့မှာ တာပိန် ၁ ‌ရေအား လျပ်စစ်ဆိုတာ ရှိတယ်။ တာပိန် ၁ ကနေ ရေအား လျပ်စစ် ၈ ရာခိုင်နှုန်း၊ တနည်းအားဖြင့် ၁၉ ရတယ်။ ဒါပေမယ့် တစ်ကယ် သုံးနိုင်တာက ၈ ပဲ ရတယ်လို့ သူရေးထားတယ်။ ၁၁ မဂ္ဂါဝပ်က တရုတ်ပြည်ကို ပြန်ပေးနေရတယ်။

    ဒါပေမယ့် ကျွန်တော်တို့ မသုံးနိုင်လို့ ပြန်ပေးရင် ကျွန်တော်တို့ ငွေ ဘယ်လောက် ပြန်ရမယ် ဆိုတာ စာချုပ်ထဲမှာ မပါဘူး။ အဲ့အတွက် ကျွန်တော်တို့ မီးမှောင်နေတဲ့ နိုင်ငံဟာ လက်ရှိ တာပိန် ၁ ရေအားလျှပ်စစ်ကနေပြီး‌တော့ ၁၁ မဂ္ဂါဝပ်ကို တရုတ်ပြည်ကို အလကား ပေးနေရတယ်။ အဲ့လို အခြေအနေတွေသည် ဒီ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာပဲ သူရေးတယ်။ ဘာကြောင့်ဖြစ်ရလဲ ဆိုရင် သုံးစွဲနိုင်တဲ့ ပမာဏကို ကြိုတင် တွက်ဆတာ မရှိဘူး။ ပိုလျှံလာရင် ဘာလုပ်မယ် ဆိုတာကို စာချုပ်ထဲမှာ မပါထားဘူး။ အဲ့အတွက် ဒီ အခက်အခဲ ကြုံရတယ်လို့ ရေးထားတယ်။ ဒါဟာ ကျွန်တော်တို့ ကြည့်လို့ ရသ‌လောက်သော ရေအား လျှပ်စစ်ဆိုတာနဲ့ ပတ်သတ်တဲ့ တစ်စွန်းတစ်စ ပေါ့နော်။ မြစ်ဆုံနဲ့ ပတ်သက်လို့တော့ ဘာတွေ ဘယ်လို ရှိနေလို့၊ ဘယ်လိုတွေပါဝင်နေလို့၊ ဘယ်လိုတွေ ရှုပ်နေလို့ ကျွန်တော်တို့ သိခွင့်မရတာလည်း ကျွန်တော်တို့ သိခွင့်မရပါဘူး။ ကျွန်တော်တို့လည်း သိချင်ပါတယ်။

    ကိုနေသွင်ညိဏ်း ❏ အ‌ဆိုပြုချက် တစ်ခုရှိပါတယ်။ စီမံကိန်း အသစ်တစ်ခုနဲ့ အစားထိုးဖို့ ဆိုတာမျိုးပေါ့။ နောက်တစ်ခုကတော့ ကျွန်တော် အစီရင်ခံစာတွေ လိုက်ဖတ်ကြည့်ပါတယ်၊ တရုတ်ဖက်က သုတေသီတွေ ရေးတဲ့ စာတမ်းတွေ ကျွန်တော် ဖတ်ကြည့်ပါတယ်၊ အဲ့မှာ သူတို့ ထောက်ပြနေတဲ့ ပုံစံကတော့ လူတိုင်း ပြောနေကျတဲ့ ခွဲ‌ဝေမှုပေါ့။ ၉၀ – ၁၀ ဆိုတဲ့ ခွဲဝေမှုကို ထပ်ပြင်ချင် ပြင်ပေါ့။ လက်ပံတောင်းမှ ာဆို ကျွန်တော်တို့ ပြင်ခဲ့တာ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပမာဏ ပေါ့။ ဒီမြစ်ဆုံ စီမံကိန်းရဲ့ ပမာဏကို သေးချင်လည်းသေး ဒါမှမဟုတ်ရင် နေရာရွှေ့ချင်လဲ ရွှေ့ပေါ့နော်။ ဒီလိုမျိုး option တွေနဲ့ ဆွေးနွေးတာမျိုးဆိုရင်တော့ လက်သင့်ခံနိုင်တယ် ဆိုတာမျိုး။ တရုတ်ဖက်က စာတမ်းတွေ ပညာရှင်တွေ ထောက်ပြတာမျိုး ဖတ်ဖူးပါတယ်၊ ဒီဖက်ကလူတွေကရော အဲ့တာမျိုး ဆိုရင်ရော လက်ခံနိုင်ပါ့မလား။

    ဒေါက်တာမြင့်ဇော် ◉ အဆိုပြုချက် တစ်ခုတိုင်းကို ကျွန်တော်တို့ အနေနဲ့ကတော့ ဝေဖန်ကြဖို့ ဆန်းစစ်ကြဖို့၊ ပြည်သူတွေနဲ့ တိုင်ပင်ဖို့ ချပြကြဖို့။ ဆရာ ပြောသွားတဲ့ အထဲမှာလည်း ဒီ အချက်ပါပဲ။ အစဉ် အလာ ကျွန်တော်တို့ မှားခဲ့တဲ့ ပုံစံသည် ငါတို့ပဲ ဆုံးဖြတ်မယ်ဆိုပြီး လူထုကို လျစ်လျှူရှုခဲ့တာ။ ကျန်တဲ့သူတွေ၊ ကျန်တဲ့ အစိတ်အပိုင်းပေါ့လေ၊ စီးပွားရေးဆိုလည်း စီးပွားရေး တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်သွားခဲ့တာတွေက ကျွန်တော်တို့အတွက် အမှားအယွင်းဖြစ်တဲ့ ကိစ္စပဲ။ အဲ့တော့ အဆိုပြုချက်သည် ပြည်သူ လက်ခံနိုင်တာ သည် ဘာဖြစ်ရမလဲ ဆိုတာသည် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ရမှာပါ။

    ကျွန်တော်တို့ အနေနဲ့ကတော့ အပေးအယူ ဆိုတာထက် ကျွန်တော်တို့ စဉ်းစားရမယ့် ကိစ္စကြီး။ ဒီကိစ္စအတွက် ကျွန်တော်တို့ စဉ်းစားရမယ့် ပုံစံသည် မေခ၊ မလိခ မြစ်ဝှမ်းဆိုတာသည် ဧရာဝတီ မြစ်ကြီး အသက်ရှင်ဖို့ အတွက် ရေတွေ စုပေးတဲ့ ကတော့ခွက်လို နေရာကြီးဗျာ။ အဲ့ဒီ့ ကတော့ခွက်လို နေရာကြီးကိုတော့ သဘာဝပတ်ဝန်းကျင် အမြင်အရ မဖျက်စီးပါနဲ့။ အဲ့ဒီ့ နေရာကို ဖျက်စီးလိုက်ရင် ဧရာဝတီအပါ်မှာ သက်ရောက်မှု ကြီးလွန်းလို့ပါ ဆိုတာကို နံပတ် ၁ စဉ်းစားစေချင်တယ်။ နံပတ် ၂ အဲ့ဒီ့နေရာကဗျာ ကျွန်တော်တို့ ကချင် တိုင်းရင်းသားပြည်သူတွေရဲ့ တစ်ကယ့် ယဉ်ကျေးမှု ဆိုင်ရာ နှလုံးသားပါဗျာ။ အဲ့ဒီ့နေရာကို ဖျက်စီးရင် ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် တစ်သက်လုံး မုန်းတီးမှု၊ နာကြီးမှုဟာ မျိုးဆက်နဲ့ ချီပါသွားမှာမို့ အဲ့ဒီ့နေရာကို မဖျက်စီးကြပါနဲ့ဗျာလို့ တိုက်တွန်းချင်တာ။ နံပတ် ၃ က ကျွန်တော်တို့တွေ အားလုံး သေကြမှာ အဖွင့် စကားကိုပဲ ပြန် ပြောချင်ပါတယ်၊ ကျွန်တော်တို့ သေသော်လည်း မြစ်တွေကတော့ ရှင်သန်ခဲ့ရမယ်ဗျ။ဧရာဝတီကတော့ ရှင်သန်ခဲ့ရမယ်ဗျ။ အဲ့ဒီအတွက် မြစ်ကို နောက်မျိုးဆက်တွေမှာ ရှင်သန်တဲ့ မြစ် အမွေဆက်ခံရဖို့ လုပ်ကြပါစို့ဗျာလို့ ကျွန်တော် တိုက်တွန်းချင်တာပါ၊ ဒါပါပဲ။

  2. စာချုပ်ကိုမြင်မှ လှုပ်ရှားမယ်ဆိုရင် နောက်ကျသွားမှာ စိုးရိမ်တယ်

    Leave a Comment

    မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် ဖြစ်နိုင်ခြေများကို အဖြေရှာခြင်း “ဧရာဝတီကို ပြန်ရွေးယူကြမယ်” စကားဝိုင်းဆွေးနွေးပွဲကို ဧပြီ ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးအတွက် ပြည်သူတစ်ဦးလျှင် တစ်ဒေါ်လာ နှုန်းထည့်ဝင်ပြီး တရုတ်ကို လျော်ကြေးပေးမည့် လှုပ်ရှားမှု အစီအစဉ်ကိုလည်း ဧရာဝတီကို ပြန်ရွေးယူကြမယ် ဦးဆောင်သူများ က ထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းလုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ထောက်ခံသူများ၊ ဝေဖန်သူများလည်း ရှိခဲ့သည်။

    ထို့ကြောင့် ဧရာဝတီကို ပြန်ရွေးယူကြမယ် အစီအစဉ် ဦးဆောင်သူများတွင် ပါဝင်သည့် သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဒေါက်တာမြင့်ဇော်နှင့် ယနေ့ခေတ် မဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

    မေး ❏ ဧရာဝတီကို ပြန်ရွေးယူကြမယ် ဆိုပြီး လှုပ်ရှားမှု လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

    ဖြေ ◉ ကျွန်တော်တို့ရဲ့ ဧရာဝတီကို ပြန်ရွေးယူကြမယ် လှုပ်ရှားမှုက အဓိကတော့ ဧရာဝတီနဲ့ပတ်သက်လို့ တစ်နိုင်ငံလုံးက ရည်ရွယ်ချက်တူတယ်။ မြစ်ဆုံ ရေကာတာကို ရပ်တန့်ချင်တယ်။ ဒါပေမယ့် နည်းလမ်းမှာတော့ ဘယ်လိုနည်းလမ်းနဲ့ ရပ်တန့်ရမလဲဆိုတဲ့ အခါမှာ အားလုံး လက်ခံနိုင်တဲ့ နည်းလမ်း တစ်စုံတစ်ရာကို ကျွန်တော်တို့ အစပြုကြည့်မယ်ပေါ့။ တခြားတခြားသော စိတ်ကူ းစိတ်သန်းတွေလည်း ပေါ်လာမယ်ပေါ့။ ဒီလိုစိတ်ကူးနဲ့ ကျွန် တော်တို့ လုပ်ခဲ့တာပါ။

    မေး ❏ ဒီအဖွဲ့ကို ဖွဲ့စည်းဖြစ်ပုံနဲ့ ပတ်သက်ပြီးသိချင်ပါတယ်။

    ဖြေ ◉ စဖွဲ့ကတည်းက အားလုံးက အဖွ့ဲအစည်းကြီး ဆိုပြီး ဖွဲ့ထားတာမဟုတ်ဘူး။ အားလုံးသိတဲ့အတိုင်း ပဲ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ကော၊ အနုပညာနဲ့ ပတ်သက်လို့ကော သိက္ခာကြီးတဲ့ အောင်မြင်မှုကြီးကြီး ရှိပြီးသားလူတွေပဲ။ သူတို့သည် သူတို့အကျိုးစီးပွား အတွက်ဘာမှမဟုတ်ဘူး။ သူတို့ ဘဝတစ်လျှောက်မှာ အမြင့်ဆုံးသော အောင်မြင်မှုရပြီးသားလူတွေ အနာဂတ်မျိုးဆက်နဲ့ အများပြည်သူ ကြုံရမယ် အခက်အခဲအပေါ် မှာ သူတို့ စိတ်ပူပန်ပြီးတော့ လှုပ်ရှားကြတဲ့ သူတွေပေါ့။ အဲ့တော့ အဖွဲ့အစည်းရယ်လို့ ဘာလို့မဟုတ်ဘဲ တစ်သီး ပုဂ္ဂလစိတ်ဆန္ဒနဲ့ အားလုံးဝိုင်းဝန်းတိုင်ပင်ပြီးတော့ လုပ်ကြတာမျိုးပါပဲ။

    မေး ❏ လက်ရှိ လှုပ်ရှားမှုအပိုင်းမှာကော ဘယ်လိုအခြေနေရောက်ပြီလဲ။

    ဖြေ ◉ အခုတော့ ဒီလိုစိတ်ကူး စိတ်သန်းလေးတွေကို ဒီလိုလေး လုပ်ကြရင် ကောင်းမလားဆိုတဲ့ အများ သိအောင် ချပြရုံပဲရှိပါသေးတယ်။ ဒီအပေါ်မှာ အများပြောဆိုတာတွေ၊ ဆွေးနွေးတာတွေ ကျွန်တော်တို့ နားထောင်ကြတဲ့ အဆင့်ပေါဗျာ။

    မေး ❏ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဘယ် အတိုင်းအတာထိ မျှော်လင့်ထားပါသလဲ။

    ဖြေ ◉ ကျွန်တော်တို့ မျှော်လင့်ချက်ဆိုရင် ကျွန်တော်တို့ စိတ်ကူးစိတ်သန်းတွေ ထွက်လာကြမယ်။ ဒါက နောက်ဆုံးမှာ ဆုံးဖြတ်ရမှာက အစိုးရက ဆုံးဖြတ်ရမှာပေါ့။ အစိုးရက ဒါကို ဒီလိုပေးလျော်ကြမယ်ဆိုပြီး ဆုံးဖြတ် ရင်ကျွန်တော်တို့ အနေနဲ့၊ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ထည့်ဝင်ဖို့ အဆင်သင့်ဖြစ်အောင် ဆော်သြ ထားမယ်ပေါ့။ အဲ့လိုမျိုး တွေးထားတာလဲရှိပါတယ်။

    မေး ❏ လှုပ်ရှားမှု စတင် လုပ်ဆောင်ကတည်းက ဝေဖန်ပြောဆိုမှုတွေ ရှိတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

    ဖြေ ◉ သူတို့ ဝေဖန်တာတွေသည်လည်း အားလုံးဟာ နည်းစနစ်ပိုင်းဆိုင်ရာ အရ တစ်ယောက်နဲ့တစ် ယောက် အပေးအယူ မတူကြတာပဲဖြစ်တယ်။ အများစုကြီးကတော့ ပန်းတိုင်က ဒီရေကာတာကြီ းဖျက်သိမ်းဖို့မှာ တူညီကြတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့ သဘောထားကွဲလွဲနေတာသည် သိပ် အရေးမကြီးဘူး။ ကျွန်တော်တို့ ဦးတည်ချက်၊ မျှော်လင့်ချက်တူကြတယ်ဆိုတဲ့အပေါ်မှာပဲ ကျွန်တော်တို့ အပြုသဘော အကောင်းမြင်ပါ တယ်။

    မေး ❏ စာချုပ်ကိုတောင် မမြင်ရသေးဘဲ ဒီလှုပ်ရှားမှုလုပ်တာ အဆင့် ကျော်လုပ်တယ်ဆိုပြီး ဝေဖန်တာတွေလည်း ရှိပါတယ်။ အဲ့ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။

    ဖြေ ◉ ကျွန်တော်တို့က စာချုပ်မှ မသိရဘဲ လျော်မယ်ဆိုတဲ့ ကိစ္စဟာ တဆင့်ကျော်မနေဘူးလားပေါ့။ အဲ့လိုပြောတာရှိတယ်။ သို့သော် ကျွန်တော်တို့တွေးတဲ့ အပိုင်းက စာချုပ်ကိုမြင်မှ လှုပ်ရှားမယ်ဆိုရင် ကျွန်တော်တို့ နောက်ကျသွားမှာ စိုးရိမ်တယ်။ တကယ့် လျော်ကြစားကြမယ်ဆိုတဲ့ကိစ္စမျိုးတွေ သည် ဒီစာချုပ်အပေါ်ပဲ အခြေခံရမှာ။ စာချုပ်ကို မသိဘဲနဲ့ မထုတ်ပြန်ပဲလို့ လုပ်လို့ရတဲ့ အခြေအနေ မဟုတ်ဘူး။ သို့သော် ကျွန်တော်တို့ကတော့ ကိုယ့်ပြည်သူတွေသည် အဆင်သင့်ဖြစ်နေတယ် ဆိုတာကိုပဲ ပြောချင်တော့ စာချုပ်မြင်ရခြင်း၊ မမြင်ရခြင်းက လောလောဆယ်အတွက် ကိုယ်တွေ တတ်နိုင်တဲ့အပိုင်းထဲမှ ာမပါနေဘူး။ အဲ့တော့ ကိုယ်တွေတတ်နိုင်တဲ့အပိုင်းကပဲ တောင်းဆိုမှုတွေကို၊ လှုပ်ရှားမှုတွေကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဗျာ။ အဲ့ဒီရည်ရွယ်ချက်နဲ့ လုပ်တာ ကို ပြောလိုက်ကြတာကလည်း စာချုပ်တောင် မမြင်ရသေးပါလား ဆိုတဲ့အသံ ပေါ်လာတာ သည်လည်းပဲ ဒီလိုမျိုး စုစည်း လှုပ်ရှားပြီး ပြောကြတဲ့ကိစ္စရဲ့ ဘေးထွက်အကျိုးရလဒ် တစ်ခု အနေနဲ့ ဒါတွေ သိဖို့မြင်ဖို့ လိုပါလား ဆိုတဲ့ အ မြင်မျိုး ပြောဆိုလာကြတာကို ရလဒ်တစ်ခုအနေနဲ့ ကျွန်တော်တို့တွေးပါတယ်။

    မေး ❏ မြစ်ဆုံနဲ့ ပတ်သက်ပြီး ဘယ် အတိုင်းအတာထိ ဆက်လုပ်သွားဖို့ ရည်ရွယ်ထားလဲ။

    ဖြေ ◉ ကျွန်တော်တို့တစ်တွေ မြစ်ဆုံနဲ့ ပတ်သက်လို့၊ ဧရာဝတီမြစ်နဲ့ပတ်သက်လို့ လုပ်ခဲ့ကြတာ ကြာခဲ့ ပြီ။ ကို်ယ်တတ်နိုင်တဲ့ နည်းလမ်းတွေ၊ တတ်နိုင်တဲ့ အပိုင်းတွေက ဆက်လုပ်ကြမှာပေါ့။ တစ်ခါတည်းနဲ့ ပြီးမယ့်ဟာ တွေလည်းမဟုတ်ဘူး။ ဒီနိုင်ငံရဲ့ ရေမြေ သဘာဝပတ်ဝန်းကျင် ဒါကြီးတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ဖို့ ကိစ္စ ဆိုတာလည်း အချိန်အကြာကြီး၊ လူတွေအများကီး အားလုံး တက်တက်ကြွကြွ လုပ်ကြရမယ့် ကိစ္စဖြစ်တယ်။ နိုင် တာတွေဆက်လုပ်ကြမယ်ဆိုတဲ့ ပုံစံမျိုးတွေးထားပါတယ်။

    မေး ❏ အစိုးရပိုင်း တာဝန်ရှိသူတွေကို ဘယ်လိုမျိုး မက်ဆေ့ပေးဖို့ရှိလဲ။

    ဖြေ ◉ ကျွန်တော် ထင်တယ်ဗျ။ အဲ့ဒီနေ့ကလည်း ကျွန်တော်တို့ ပြောကြတဲ့ အထဲမှာလည်း ပါပါတယ်။ ဒါက အစိုးရချင်းလုပ်တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် အစိုးရကပဲဆုံးဖြတ်ရမယ်။ သို့သော် အစိုးရသည် ပြည်သူရဲ့ အသံနဲ့ ဆုံးဖြတ်မယ်လို့ ကျွန်တော်တို့ အားလုံးက မျှော်လင့်တယ်။ ကျွန်တော်တို့အားလုံ းစုဝေးကြတာသည် ပြည်သူ့အသံ၊ ပညာရှင်တွေ အသံ ကျွန်တော်တို့တွေရဲ့ စိုးရိမ်မှုကို ထုတ်ဖော်တာ။ သူတို့တွေ အနေနဲ့ ကြားတဲ့ မြင်တဲ့အပေါ်မှာ သင့်တော်တဲ့ အဖြေမျိုး ရှာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    မေး ❏ ဧရာဝတီကို ပြန်ရွေးယူကြမယ် လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာပြောချင်လဲ။

    ဖြေ ◉ ကျွန်တော်တို့ရဲ့ သဘာဝ ပတ်ဝန်းကျင်အရပဲ ကြည့်ကြည့်၊ ငြိမ်းချမ်းရေး အလားအလာ အရပဲ ကြည့်ကြည့်၊ နိုင်ငံတစ်ခုရဲ့ ဖြစ်တည်မှု အရပဲကြည့်ကြည့် ဒါဟာ အင်မတန် အခရာကျတဲ့ ကျွန်တော်တို့ရဲ့ အသည်းနှလုံးလို့ ပြောလို့ရတယ်။ အဲ့ဒီ နေရာမှာဖြစ်မယ့် အပျက်အစီးတွေဟာ သဘာပတ်ဝန်းကျင်အပေါ် ရိုက်ခတ်တာရှိမယ်။ ပြည်သူ့ဘဝတွေအပေါ် ရိုက်ခတ်တာ ရှိမယ်။ နောက်ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေအနေနဲ့ ဒါကြီးသာ လုပ်လိုက်ရင် တစ်သက်လုံး မကျေနပ်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ ေးနေနိုင်ကြမှုတွေဆုံးရှုံးမယ်။ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲနေတဲ့ အချိန်မျိုးမှာ ဒီလိုအချက်အခြာကြတဲ့ နေရာကြီးတစ်ခုကို တရုတ်ပြည်ရဲ့ စီမံအုပ် ချုပ်မှုအောက် ရောက်သွားမယ့် အနေအထားမျိုးဟာ အင်မတန်မှ အန္တရာယ်ကြီးတယ်။ အခုဖြစ်ပျက်နေတဲ့ အပူ ချိန်တွေ၊ ပြောင်းလဲမှုတွေနဲ့ တွေးကြည့်လို့ ရတာပေါ့။ အဲ့တော့ တခြားတခြားသော အရေးကြီးတဲ့ ကိစ္စတွေရှိပါ တယ်။ ဒါပေမယ့် ဒီမြစ်ဆုံအရေးကတော့ အင်မတန်မှ အတိမ်းစောင်းမခံတဲ့ တကယ့် အရေးပေါ်အခြေအနေ တစ်ခုဆိုတာ ပြောချင်တယ်။

    မေး ❏ နောက်ဆုံး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

    ဖြေ ◉ ကျွန်တော်တို့ နိုင်ငံမှာ အရေးပေါ်နေတဲ့ အရေးကြီးနေတဲ့ အခြေနေတွေ အများကြီးရှိတယ်။ ရေတိုပြင်ဆင်ရမယ့် ကိစ္စ၊ ရေရှည်ပြင်ဆင်ရမယ့် ကိစ္စတွေရှိတယ်။ ဒီအခြေနေကတော့ တစ်ခုခု ဆုံးဖြတ်ပြီးသွားမှ ဆိုရင် ကျွန်တော်တို့ ဧရာဝတီကို မကယ်လိုက်နိုင်မှာ၊ ကျွန်တော်တို့ မြစ်ဆုံကို မကယ်လိုက်နိုင်မှာ စိုးရိမ်တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ တစ်တွေ အလောတကြီးအလျင်စလို အဖြေရှာဖို့ ဆီကိုရောက်အောင် လှုပ်ရှားကြ တယ်ဆိုတာပြောချင်တယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်အမြင် ကိုယ့်အတွေးတွေနဲ့ ဘယ်လိုမျိုး ဖြေရှင်းကြ ရင်ကောင်းမလဲလို့ ဝိုင်းဝန်း ပြောဆိုဆွေးနွေးလာကြရင် ကျွန်တော်တို့ အင်အား ရှိလာမယ်လို့မြင်ပါတယ်။

  3. ဧရာဝတီကို ပြန်ရွေးနိုင်မလား

    Leave a Comment

    ဧရာဝတီကို ပြန်ရွေးမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ပြုလုပ်နေတဲ့ လှုပ်ရှားမှုဟာ တကယ်ရွေးယူမယ် ဆိုတာထက် မြစ်ဆုံ စီမံကိန်းကို လူထုက လက်မခံကြောင်း ပြသလိုတဲ့ လှုပ်ရှားမှုသာ ဖြစ်တယ်လို့ ဒီ လှုပ်ရှားမှုမှာ ပါဝင်တဲ့ တက်ကြွသူ တဦးဖြစ်တဲ့ ကာတွန်း အော်ပီကျယ် က ဆိုပါတယ်။ “ဒါးသွားထက် ကလောင်သွား ထက်တယ်” လို့ ဆိုကြပေမယ့် မြန်မာနိုင်ငံမှာတော့ ဒါးက ဘယ်သူ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ မသိနိုင်လို့ ဘယ်သူ့ကို ခုတ်ရမှန်း မသိ ဖြစ်နေတယ်လို့လဲ နိုင်ငံကျော် ကာတွန်းဆရာကြီး က ဆိုပါတယ်။ ကာတွန်း အော်ပီကျယ်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေး သုံးသပ်ထားပါတယ်။

    မေး ❏ ဆရာအော်ပီကျယ် .. မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်သူတွေ အားလုံးက စိုးရိမ် ပူပန်နေကြပါတယ်။ ဧရာဝတီကို ဆုံးရှုံးကြရတော့မယ် ဆိုပြီးတော့ တက်ကြွ လှုပ်ရှားသူတချို့က မြစ်ဆုံကို ပြန်ရွေးယူမယ် ဆိုပြီးတော့ လှုပ်ရှား ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ပါဝင်ဆွေးနွေးသူ တယောက်အနေနဲ့ ဒီ Campaign ကို တော်တော်လေး အလားအလာရှိတဲ့ လှုပ်ရှားမှု ဖြစ်တယ်လို့ ယူဆပါသလား။

    ဖြေ ◉ ဒီ Campaign ရဲ့ အဓိကက တစ်ဒေါ်လာလို့ ပြောနေတာပါ။ တစ်ဒေါ်လာက သဘောတရားကို ပြောတာပါ။ အဓိကက ဒေါ်အောင်ဆန်းစုကြည်တို့ကို NLD အစိုးရ တို့ကို မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ တဘက်နိုင်ငံနဲ့ စကားပြောတဲ့ အခါမှာ ပြည်သူတွေဘက်က ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နောက်ဆုံး စိုက်ထုတ်ပြီး ပေးရမယ်ဆိုရင်လဲ စိုက်ထုတ်မယ့်စိတ် ရှိတယ်ဆိုတဲ့ သဘောမျိုးဖြစ်အောင် ဒီပွဲကို လုပ်ကြတာပါ။

    မေး ❏ အဓိကအားဖြင့် မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ တချို့ပြောကြတာက တရုတ်နဲ့ မူလလုပ်ထားခဲ့တဲ့ သဘောတူညီချက်မှာ ဘာတွေပါတယ် ဆိုတာကို ပွင့်လင်းမြင်သာမှု မရှိဘူး။ ပြည်သူတွေက မသိကြရဘူး ဆိုတာကို ပြောကြပါတယ်။ အဲဒါကို ဘယ်လို သဘောရပါလဲ။

    ဖြေ ◉ အဲဒါက သေချာတယ်။ အခုက လူတွေအနေနဲ့ အရင် အစိုးရဆိုရင်တော့ ဒီလိုပြောမှာပေါ့။ အခုအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြတော့ လူတွေက တော်တော်လေး ချစ်ကြတယ်။ ချစ်ကြတော့ ဒီဟာကို သူကတိပေးခဲ့တယ်။ ချပြမယ် ဆိုပြီး … အခု (၃) နှစ်ရှိပြီ ချမပြနိုင်သေးဘူး။ သူကတော့ မြင်ပြီသား ဖြစ်မှာပါ။ ဒါပေမဲ့ အခုထိ ချမပြသေးတဲ့ အခါမှာ ချမပြနိုင်သေးတာ သူမှာလဲ အခက်အခဲရှိလို့ ဆိုပြီးတော့ လူတွေက ခွင့်လွှတ် နားလည်ပေးကြတယ်။ ကျနော်တို့လည်း အဲဒီပါပဲ။ ဒါကြောင့် ဘယ်သူကို ဘယ်သူမှ အပြစ်မပြောတဲ့ နည်းနဲ့ပဲ ပြောနေတာ။ တကယ်တော့ မြစ်ဆုံကို ပြည်သူက ရွေးယူကြမယ် ပြောကြပေမယ့် ဘယ်လောက် အကြွေးတင်နေတယ်ဆိုတာ မသိဘူး။ အဲဒီစာချုပ်ကို မသိတော့၊ အားလုံးက သိချင်ကြတယ်။

    မေး ❏ ဆိုတော့ ပြဿနာရဲ့ ဇစ်မြစ်ကို မသိဘဲနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတဲ့ သဘောမျိုး ဖြစ်နေတယ်ပေါ့။

    ဖြေ ◉ အဲဒီလိုတော့ မဟုတ်ဘူး။ ဒီပြဿနာက ဘယ်လို ခေါ်မလဲ။ ပြည်သူက အမြဲတမ်းနောက်မှာ ရှိနေတယ်ဆိုတဲ့ သဘောမျိုး။ ဒီပြဿနာက ကြာနေပြီလေ။ ကြာနေတော့ တအုံနွေးနွေးနဲ့ တော်တော်လေး အရေးကြီးတဲ့ဟာ။ ဒီဟာကို တမင် စွတာလဲ မဟုတ်ဘူး။ အစိုးရ အကျပ်အတည်ဖြစ်အောင်လဲ လုပ်တာ မဟုတ်ဘူး။ ဒီဟာသည် ပြည်သူဘက်က သိချင်နေတဲ့။ ပြည်သူဘက်က အမြဲတမ်း ဒီဟာကို မဆောက်စေချင်ဘူး ဆိုတဲ့ အဲဒီ အသိတရားကို ထပ်ပြီးတော့ ထောက်ပံ့တဲ့ သဘောမျိုး ပြောတာပါ။

    မေး ❏ ဒီမှာရှိတဲ့ Institution က တရုတ် မူဝါဒရေးရာ ကျွမ်းကျင်သူ ယွန်ဆန်ကို ကျနော် မကြာခဏ ဒီကိစ္စကို မေးဖြစ်ပါတယ်။ သူက မြစ်ဆုံမှာ တရုတ်ဘက်က စိုက်ထုတ်ထားတဲ့ အရင်းအနှီးက အတော် ဝင်နေပြီဖြစ်တယ်။ ဆိုတော့ တကယ်လို ပြန်ရွေးယူမယ် ဆိုရင်တော့ ဒီအရင်းအနှီးကို ပြန်ပေးနိုင်မှ ဖြစ်မယ် ထင်တယ်လို့ သူက ပြောဖူးပါတယ်။ ဒါပေမဲ့ အဲဒီ အရင်းအနှီးကိစ္စပဲလား။ သို့တည်းမဟုတ် နိုင်ငံရေး ကိစ္စတွေနဲ့များ တစုံတရာ ဆက်စပ်နေတယ်လို့ ကိုအော်ပီကျယ် ထင်ပါသလား။

    ဖြေ ◉ ကျနော်ကတော့ အဲဒီဟာကို မသိဘူး။ သို့သော် အခု ဆရာဦးထွန်းလွင်တို့ လုပ်တဲ့ပွဲမှာ အဓိကက နိုင်ငံရေးကို လုံးဝ – ကျနော်တို့ကလည်း နိုင်ငံရေးသမား မဟုတ်တော့ နိုင်ငံရေးမကျွမ်းကျင်ဘူး။ သို့သော် ဧရာဝတီမြစ်ကြီးကို မထိစေချင်ဘူး။ မထိစေချင်တော့ နိုင်ငံရေးကြောင့်ပဲ ဖြစ်ချင်ဖြစ်မယ်။ ဘာကြောင့်ဖြစ်မယ် အဲဒါတွေ ကျနော်တို့ မသိဘူး။ သို့သော် ကျနော်တို့က ဧရာဝတီမြစ်ကြီးနဲ့ ပတ်သက်လို့ ရှိရင်တော့ အင်မတန် ချစ်တယ်။ စောစောက တရုတ်ဘက်က ကျွမ်းကျင်သူ ပြောသလို ကျနော်တို့လည်း တစွန်းတစတော့ ကြားကြပါတယ်။ ဘယ်လောက်ပမာဏတော့ မသိဘူး။ အဲဒီလို ရွေးပြီးတော့ လုပ်ရမယ်ဆိုလဲ ကျနော်တို့ ပြည်သူတွေက ရွေးယူမယ်ဆိုတဲ့ စိတ်ဓါတ်ရှိတယ် ဆိုတဲ့ သဘောနဲ့ အဲဒါကြောင့် နိုင်ငံရေးမှာ ပရိယာယ်တွ ရှိရင်ရှိမှာပေါ့ – အဲဒါတွေတော့ ကျနော်တို့ မသိဘူး။

    မေး ❏ နိုင်ငံရေးဆိုတာ ကျနော် ဒီနေရာမှာ ပြောနေတာက နိုင်ငံရဲ့ အမျိုးသားရေး အကျိုးစီးပွား – National Interest ဆိုတော့ ပြည်သူလူထု သဘောထားနဲ့ နိုင်ငံကို စီမံခန့်ခွဲနေတဲ့ အုပ်ချုပ်အစိုးရရဲ့ အမြင်နဲ့ တခါတရံ ကွဲလွဲတတ်တာဟာ အဓိက အဲဒီကိစ္စလို့ ထင်ပါတယ်။ တခြားကိစ္စတွေမှာလဲ မကြာခဏ ကြုံရတယ် ပြည်သူတွေ ဖြစ်စေချင်တာက တမျိုး၊ ဒါပေမဲ့ နိုင်ငံကို ခေါင်းဆောင်ပြီးတော့ လုပ်နေကြတဲ့လူတွေ အတွက်ကတော့ အမျိုးသားရေး အကျိုးစီးပွားနဲ့ ဘယ်လိုပတ်သက်နေတယ် ဆိုတာကို စဉ်းစားကြတဲ့လမ်းကြောင်းက တမျိုး ဖြစ်တတ်ပါတတ် ပါတယ်။ အဲဒီကိစ္စကိုကော နည်းနည်းထင်သွင်း စဉ်းစားကြပါလား။

    ဖြေ ◉ စဉ်းတော့ စဉ်းစားမိပါတယ်။ စဉ်းစားမိတာကတော့ သူတို့ ဦးဆောင်သူတွေအနေနဲ့တော့ မသိဘူး။ ကျနော့်အနေနဲ့တော့ စဉ်းစားမိပါတယ်။ နောက်ပြီးတော့ လျှပ်စစ် ကိစ္စ၊ နိုင်ငံရေးကိစ္စ။ သို့သော် သူတို့နိုင်ငံရေးအရ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူကတော့ ဧရာဝတီမြစ်နဲ့တော့ မလဲချင်ဘူး ဆိုတဲ့ စိတ်ဓါတ်ကိုလည်း ကျနော့်စိတ်ထဲ ရှိနေတယ်။ ဧရာဝတီမြစ်ကိုတော့ ကျနော်တို့က တကယ်နှမြောကြတယ်။

    မေး ❏ ဆရာ အော်ပီကျယ်တယောက်လည်း အင်ဂျင်နီယာတယောက် ဖြစ်ပါတယ်။ ကာတွန်းဆရာ အနုပညာ သမားတယောက်သာမက .. ဆိုတော့ ဒီမြစ်က တာတမံတွေ တည်ဆောက်လိုက်တဲ့ အတွက်ကြောင့် မြစ်ကြီးက လုံးဝကောသွားစရာတော့ မရှိဘူး။ အဲဒီ ရေကတော့ ဆက်စီးနေမှာပေါ့။ အဓိကအားဖြင့် စိုးရိမ်စရာက Biodiversity တွေ ပျက်မယ်ဆိုတာက လွဲပြီးတော့ တခြား ဘာတွေများ စိုးရိမ်စရာ ရှိပါလဲ။ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့စာရင်

    ဖြေ ◉ မြစ်ရေက ဆက်စီးနေမှာပါ။ အဓိက ကျနော့်တယောက်ထဲ အမြင်ကတော့ ကျနော်တို့ ဗမာမင်းတွေ လက်ထဲကတည်းက ဆည်တွေဆောက်ခဲ့ကြတာ။ ဆည်ကြောင့် အကျိုးတွေလည်း ရှိပါတယ်။ သို့သော် ဒီကောင်ကကြတော့ Mega Dam ဖြစ်နေတယ်။ Mega Dam က တခုခုဖြစ်ရင် မနိုင်ဘူး။ ဆည်အသေးတွေက နိုင်သေးတယ်။ ဒါကြောင့် Mega Dam ကို ကျနော် မကြိုက်ဘူး။ နောက်တခုက ကျနော်တို့က ဒီဟာကို စနစ်တကျ သေချာ တိုင်းတာပြီးတော့ လုပ်သင့်လား၊ မလုပ်သင့်လား နှစ်ပေါင်းများစွာ အင်ဂျင်နီယာဘက်၊ မိုးလေဝသဘက်၊ ရေကြောင်းဘက်ကနေ အကုန်လုပ်ပြီးမှ ဒီဟာကို သေချာ တွက်ချက်ရမှာ။ အခုဟာက သူတို့နိုင်ငံတွင်းကဟာကို ဆယ်နှစ်၊ နှစ်ငါးဆယ် လေ့လာပြီးမှုလုပ်တယ်။ ကျနော်တို့ ဟာကိုတော့ ဒီလိုလပိုင်းလေး၊ နှစ်ပိုင်းလေးပဲ တိုင်းတာ လုပ်ကြတဲ့အခါမှာ နောင် တချိန်ကြတော့ Sorry လို့ ပြောတာနဲ့ မရတဲ့ ဟာမျိုးရှိတယ်။ ဆိုတော့ ဒါတွေက အိမ်တအိမ် ဆောက်မယ် ဆိုရင်တောင် သေချာတိုင်းတာ စဉ်းစားပြီးမှ မြေ အနေအထား၊ အောက်က ရေအနေအထား၊ ငလျင် အနေအထားတွေနဲ့ တွက်ပြီးမှ လုပ်ရမှာ။ ဒီဟာကိုကြတော့ ကျနော်က တွက်ဆမှု၊ ချိန်းဆမှု နည်းပါးပြီး ကမန်းကတမ်း လုပ်ခဲ့တယ်လို့ ယူဆတယ်။

    မေး ❏ တကယ်လို့ တရုတ်မဟုတ်ဘဲနဲ့ သူတို့ထက် ပိုပြီးတော့ တာဝန်ယူမှု၊ တာဝန်သိမှုအပြည့်နဲ့ ဒီဟာတွေကို စဉ်းစား ချင့်ချိန်းလုပ်တတ်တဲ့ အဖွဲ့အစည်း တခုခု၊ နိုင်ငံတခုခုဆိုရင် ပိုပြီးသဘောတူနိုင်စရာ အကြောင်းတော့ ရှိတယ်ပေါ့။

    ဖြေ ◉ အဓိကတော့ စနစ်တကျလုပ်ရင် တရုတ်ရယ် မဟုတ်ပါဘူး၊ ဘယ်သူမဆို လုပ်နိုင်ပါတယ်။ အခုက လုပ်တဲ့ နည်းက ကမန်းကတမ်း လက် သိပ်ထိုးပြီး လုပ်သွားတဲ့သဘောမျိုး။ နောက်ပြီး သူတို့ အမြဲတမ်းပြောတဲ့ Assessment တွေလည်း သေချာမလုပ်ပါဘူး။ လုပ်သွားလို့ ကျနော်တို့က ဒီလောက်ဟာကြီးကို တော်တော်များများ လက်လွန်ပြီးမှ သိရတယ်။ ဒီဟာကို ဆက်ပြီး လုပ်လိုက်လို့ရှိရင် ကျနော်လည်း အဲဒီမြစ်ဆုံနေရာကို ရောက်ပါတယ်။ တော်တော်ကိုကြီးပါတယ်။ တော်တော်ကိုကြီးတော့ ဒီလောက်ကြီးတဲ့ ဆည်ကြီးကတော့ မျှော်မှန်းသလောက် … မထွက်ဘူး။ နောက်ပြီးတော့ တခုခု ဖြစ်လို့ ရှိရင် မထိန်းနိုင်ဘူး။ ကျနော်တို့ ရိုးရိုးတန်တန် ဆည်လေးတွေတောင် မိုးတအားများရင် မထိန်းနိုင်လို့ လွှတ်ချလိုက်တဲ့အခါမှာ အပျက်အစီးတွေ ရှိကြတယ်။ မနှစ်ကဆိုရင် ပိန်းချောင်းဆည် ရှိခဲ့ပါတယ်။

    မေး ❏ နောက်တခုက ဒီမြစ်ဆုံရဲ့ မူလ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြတဲ့ လူတွေက သိပ်ပြီးတော့ အမူမဲ့ အမှတ်မဲ့ လုပ်ရာကြလွန်းတယ်။ သူတို့အကျိုးစီးပွား အမြောက်အများ ရရှိခဲ့ကြတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ အဓိက အထောက်အထားတော့ ကျနော်တို့ မတွေ့ရပါဘူး။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ကော အဓိက Lobby လုပ်တဲ့ ပုဂ္ဂိုလ်တွေဘက်က ဘယ်လို သဘောထားကြလဲဆိုတာ သိရပါသလား။

    ဖြေ ◉ အဲဒီဟာလဲ ကျနော် မသိဘူး။ ကျနော်ကတော့ အဲဒီလူတွေကိုတော့ တော်တော်လေး စိတ်ပျက်တယ်။ အဲဒီလူတွေက လုပ်တာကိုက တကယ့်ကို ဖြစ်ကလဲဆန် လုပ်ခဲ့တာ။ ကမန်းကတမ်း လုပ်ခဲ့တာ။ သူတို့ မစဉ်းစားခဲ့ဘူး။ ကျနော် အင်ဂျင်နီယာတယောက်အနေနဲ့ မြင်တယ်။ ပြည်သူတယောက်အနေနဲ့ မြင်တယ်။ ကာတွန်းဆရာတယောက်အနေနဲ့ မြင်တယ်။ အဲဒီလို လက်လွှတ်စပယ် လုပ်ခဲ့တာကိုတော့ လုံးဝမကြိုက်ဘူး။

    မေး ❏ နောက်ဆံ ေးမေးချင်တာကတော့ ဒါးသွားထက် ကလောင်သွား ထက်တယ်ဆိုတဲ့ စကား ဖြစ်ပါတယ်။ အော်ပီကျယ်ရဲ့ ကလောင်သွားဟာ မြန်မာပြည်မှာ အတော်လေး ထက်ပါတယ်။ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ဒါးသွားထက် ထက်နိုင်ပါရဲ့လား အခုလောလောဆယ်မှာ။

    ဖြေ ◉ မထက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒါးသွား ဆိုတာထက် အခုဆိုရင် ကလောင်သွားက တဘက်မှာလဲ ကိုယ် ရွေးချယ်ထားတဲ့ အစိုးရရှိတယ်။ သူ့မှာ ဘယ်လိုအခက်အခဲတွေ ရှိတယ်ဆိုတာ မြစ်ဆုံကိစ္စလိုပဲ တချို့ကိစ္စတွေက အစိုးရရဲ့ လုပ်တဲ့အပိုင်းတွေကို ကျနော်တို့က ဘယ်သိခွင့်ရှိမလဲ။ အဲဒီတော့ အခုက ကျနော်တို့က အော်ပီကျယ်ကလောင်တခုအနေနဲ့ ထောက်ပြလိုက်ရင် အော်ပီကျယ် ကိုလည်း လူတွေက ချစ်ခင်တယ်။ အစိုးရကိုလည်း ချစ်ခင်တယ်။ တခါတရံ ကျနော်တို့က ကာတွန်းဆရာ ဆိုတော့ ကာတွန်းဆရာ တယောက်ရဲ့ အမြင်ကို ပြောလိုက်လို့ရှိရင် သူတို့အစိုးရရဲ့ အလုပ်ကိုလည်း စိတ်အေ နှာင့်အယှက် ဖြစ်သွားမှာကိုလဲ စိုးရိမ်တယ်။ တဘက်ကလဲ ကာတွန်းဆရာ တာဝန်အရ စိတ်အနှောင့်အယှက် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ပြည်သူတွေ ပြောနေတာဟာကို ကျနော် ထောက်ပြချင်တာတွေ ရှိတယ်။ အခုဆိုရင် ကျနော်တို့က ရှင်းရှင်းပြောရရင် ဒါးသွားကလဲ ဘယ်သူ လက်ထဲမှာ ဒါးရှိမှန်းလဲ မသိဘူး။ အဲဒီတော့ ကျနော်တို့က ဘယ်သူကို ခုတ်လို့ခုတ်ရမှန်းလဲ မသိဘူး။ အခုဟာက တပ်လဲမရည်ရွယ်ဘူး။ NLD လည်း မရည်ရွယ်တော့ ကလောင်သွားကတော့ လောလောဆယ်မှာတော့ သံချေးတက်နေတာပေါ့။

    မေး ❏ ကျနော်တို့ သတင်းသမားတွေကတော့ တော်တော်များများ ထောင်ထဲကို ရောက်နေကြပါတယ်။ ဒါးခုတ်ခံနေရတယ်။ ကာတွန်းဆရာတွေ ထဲမှာတော့ အဲဒီလို မဖြစ်သေးဘူးလို့ ထင်ပါတယ်။ အဲဒါတော့ ကံကောင်းတဲ့သဘောပေါ့။

    ဖြေ ◉ ကံကောင်းတာ မဟုတ်ဘူး။ ဒီလိုပဲ လျှိုနေတဲ့သဘော ဖြစ်ပါလိမ့်မယ်။

  4. ဒီလူတွေဟာ ငွေပေးခိုင်းလို့ရတဲ့ အမျိုးအစားတွေ မဟုတ်ပါဘူး

    Leave a Comment

    “ဧရာဝတီကို ပြန်ရွေးယူကြမယ်” ပွဲနှင့် ပတ်သက်၍ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူ ဒေါက်တာမြင့်ဇော်နှင့် တွေ့ဆုံခြင်း။

    (ဧပြီ ၂၃ ရက်ထုတ် 7 Day သတင်းစာတွင် ဖော်ပြခဲ့သော အင်တာဗျူးကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ ဒေါက်တာမြင့်ဇော်သည် “ဧရာဝတီကို ပြန်ရွေးယူကြမယ်” အစီအစဉ် ဦးဆောင်သူများထဲတွင် တဦးအပါအဝင် ဖြစ်ပါသည်)

    ❏ တရုတ် သမ္မတဆီ ပို့တဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေ သိချင်ပါတယ်။

    ◉ တရုတ် သမ္မတဆီ ပို့တဲ့စာက မူကြမ်းဖြစ်တယ်။ အချောသပ် ပြင်ဆင်ပြီးရင်း အင်္ဂလိပ်နဲ့ တရုတ်ဘာသာ ပြန်ဆိုပြီး ပေးပို့ပါမယ်။ ဒါပေမဲ့ ပုံနှိပ်ထားတဲ့ စာရွက်မှာတော့ မူကြမ်း ဆိုတာ ပါမသွားဘူး။ အိတ်ဖွင့် ပေးစာတွေရဲ့ သဘောကတော့ ဘယ်ကို လိပ်မူပေးတယ် ဆိုတာထက် အားလုံး သိအောင် သတင်းစကား ပါးပါတယ် ဆိုပြီး အများသိအောင် ထုတ်ပြန်လိုက်တဲ့ သဘောပဲ။ ပန်းဖလက်မှာ မူကြမ်းဆိုတာလေး ပါမသွားတဲ့ အတွက် ကျွန်တော်တို့ ဘက်က အားနည်းချက် နည်းနည်း ဖြစ်သွားတယ်။

    ❏ တစ်ဒေါ်လာ ကမ်ပိန်းနဲ့ပတ် သက်ပြီး ထောက်ခံမှုတွေရော၊ ဝေဖန်မှုတွေရော၊ မြင့်မားနေတာ တွေရပါတယ်။ ဒီလှုပ်ရှားမှု လုပ်ဖြစ်ပုံကို ရှင်းပြပေးပါလား။

    ◉ ဒီပွဲကတော့ မြစ်ဆုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံက အကျပ်အတည်း ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ တတ်သလောက် ရွေးချယ်စရာ အနေနဲ့ ဘာတွေ ရှိမလဲ စဉ်းစားတယ်။ လူထုကနေ ဒီလိုမျိုး တတ်နိုင်တဲ့ဘက်က ဝင်ပြီးတော့ အားဖြည့်မယ်ဆိုတဲ့ စိတ်ကူးလေးတော့ ရှိတယ် ဆိုတာမျိုး တင်ပြတယ်ပေါ့။ ဘာတွေ ဆက် လှုပ်ရှားကြမလဲ ဆိုတာကတော့ လူထုတုံ့ပြန်မှု၊ အများအမြင် သဘောထားလေးတွေကို ကျွန်တော်တို့ နားထောင်တယ်။ ဒီဟာက တစ်နည်းနည်းနဲ့တော့ နိုင်ငံ တာဝန်ရှိသူတွေ စဉ်းစားကြလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေဘက်ကလည်း ကိုယ်လုပ်နိုင်တဲ့ အပိုင်း ငွေစုဆောင်း ကောက်ခံတာပဲ ဖြစ်ဖြစ် ရေကာတာကြီး မဖြစ်ဖို့ ဦးတည်ပြီး နိုင်တဲ့ဝန်ထမ်း တဲ့ နည်းလမ်းတွေ ဆက်လုပ်ကြမယ်ပေါ့။ အဲဒါမျိုး စဉ်းစားထား ပါတယ်။

    ❏ တစ်ဒေါ်လာ ကမ်ပိန်းရဲ့ ရည်ရွယ်ချက်က လျော်ကြေးငွေ အမှန်တကယ် ရရှိရေးလား၊ ဒါမှမဟုတ် မြစ်ဆုံစီမံကိန်းကို လက်မခံတဲ့ ပြည်သူတွေရဲ့ အင်အားကို ပြချင်တာလား။

    ◉ အဓိကက ပြည်သူအများစုသည် ဒီဟာနဲ့ပတ်သက်လို့ မလိုလားဘူး၊ ဒီစီမံကိန်းနဲ့ ပတ်သက် လို့ ဆန္ဒ ထုတ်ဖော်တယ်ဆိုတဲ့ သတင်းစကားကို ပေးချင်တာပေါ့။ တစ်ဒေါ်လာသည် လက်မှတ်ထိုးပြီး ဆန္ဒပြုတဲ့ သဘောဖြစ်ရင် ဖြစ်မယ်။ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒကို ဖော်ထုတ်တယ်ဆိုတဲ့ ဘက်ကို ဦးတည်ချင်တာပါ။

    ❏ ဒီလှုပ်ရှားမှုကို လက်တွေ့မကျဘူးလို့ ဝေဖန်သူ တချို့လည်း ရှိပါတယ်။ ဒီအပေါ်မှာ ဘာများ မှတ်ချက် ပေးချင်ပါသလဲ။ ပြီးတော့ တစ်ဒေါ်လာဆိုတဲ့ အသုံးကို ရွေးတာ ဘာကြောင့်ပါလဲ။

    ◉ အဲဒါကတော့ လှုပ်ရှားမှု အနေနဲ့ လွယ်အောင် ရည်ညွှန်းတဲ့ သဘောပါ။ ကိုယ့်နိုင်ငံထက် ကို ကျော်ပြီးတော့ တစ်ဖက် နိုင်ငံကို သိစေချင်တယ်။ ကမ္ဘာကလည်းပဲ ကျွန်တော်တို့ ပြည်သူတွေအနေ နဲ့ ဒီလိုစိတ် အခြေခံနဲ့ အားထုတ်မှုနဲ့ လှုပ်ရှားတယ်ဆိုတာ သိစေချင်တယ်။ အဲဒီအတွက် ရည်ညွှန်းလို့ လွယ်ကူမယ့် ခေါင်းစဉ်တစ်ခု တပ်လိုက်တဲ့ သဘောပါ။ ကျွန်တော်တို့ အဆိုပြုတာက အကောင်းဆုံး အစီအစဉ်ရယ်လို့ မပြောပါဘူး။ ကျွန်တော်တို့ စဉ်းစားမိတဲ့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်း တစ်ခုကို အဆိုပြုတယ်ပဲ ပြောတာပါ။ ဒီထက် နည်းလမ်းကျတာတွေ ရှိရင်လည်း ပြည်သူတွေ ဝိုင်းဝန်း အဆိုပြုကြဖို့၊ တာဝန်ရှိသူတွေ ဝိုင်း အကြံပြုကြဖို့ သဘောပါ။ အဓိကကတော့ လက်ရှိ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့၊ တဖြည်းဖြည်း ပိုခက်ခဲလာတဲ့ အခြေအနေ မှာ အဖြေရတဲ့ ဘက်ကို ဦးတည်သွားဖို့ ရည်ရွယ်တာပါ။ လက်တွေ့ကျခြင်း၊ မကျခြင်း အမြင်အ မျိုးမျိုး ရှိမယ်။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဝိုင်းပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတစ်ခုကို ပို သွားချင်ပါတယ်။

    ❏ ပွဲအပေါ် အနောက်နိုင်ငံတွေရဲ့ ငွေကြေး ပံ့ပိုးမှုတွေ ရှိတယ်၊ ကိုယ်ကျိုးစီးပွား အတွက် ပညာရှင်တွေကို အသုံးချတယ် ဆိုတဲ့ ဝေဖန်သူ တချို့လည်း ရှိပါတယ်။ အဲဒီလို ပြောကြားမှုတွေ အတွက်ကော ဘာများ မှတ်ချက်ပြုချင်ပါ သလဲ။

    ◉ ဒီဟာကို ဦးဆောင် လှုပ်ရှား သူတွေသည် အစဉ်အဆက် ဧရာဝတီနဲ့ ပတ်သက်ပြီး လှုပ်ရှားခဲ့သူ တွေပါ။ နယ်ပယ် အသီးသီးမှာ သူ့ နာမည်နဲ့၊ သူ့ဂုဏ်သိက္ခာနဲ့ သူ့ရပ်တည်မှုနဲ့ ရှိခဲ့သူတွေ၊ သူတို့တွေ အများပြည်သူ အတွက် ပူပင် ကြောင့်ကြမှုကြောင့်သာ၊ သူတို့ အောင်မြင်မှု၊ ဂုဏ်သိက္ခာတွေနဲ့ နေနိုင်ကြသော်လည်း အများပြည်သူ အတွက် စိုးရိမ်မကင်း ဖြစ်မှု၊ ဒီမြေ၊ ဒီရေအတွက် စိုးရိမ်မကင်း ဖြစ်မှုကြောင့် ဝိုင်းဝန်း လုပ်ကြတဲ့ သူတွေ။ ဒီလူတွေဟာ ငွေပေးခိုင်း လို့ရတဲ့ အမျိုး အစားတွေ မဟုတ်ပါဘူး။ ဒီဟာ ကတော့ သက်သက် နာမည်ဖျက်တဲ့ သဘောမျိုးလို့ ပြောချင်ပါတယ်။ ရှေ့တန်း ထွက်ပြီး လှုပ်ရှားတဲ့ တစ်ယောက်ချင်းစီရဲ့ ဂုဏ်သတင်း ဖြတ်သန်းမှုတွေက မှတ်ကျောက် တင်ခံနိုင်တဲ့ အခြေအနေ ရှိတဲ့သူတွေပါပဲ။ ဒီပွဲ အစီအစဉ်မှာ အဓိက လိုအပ်တဲ့ စရိတ်စက ပံ့ပိုးတာ သုံးဖွဲ့ရှိပါတယ်။ ပေါင်းကူး၊ သာသည့်မြေ၊ မေတ္တာ ဖောင်ဒေးရှင်းဆိုတဲ့ အဖွဲ့ရှိတယ်။ ဒီအဖွဲ့သုံးခု စလုံးက ပြည်သူလူထုတွေကို လူမှုရေး အထောက်အပံ့ ပေးတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ အထောက်အပံ့ ပေးတာ။ အသေးစား ရန်ပုံငွေတွေ ထောက်ပံ့ပေးတာ။ ဒါမျိုးတွေ လုပ်တဲ့ အဖွဲ့တွေပါ။

    (နိုဗိုတယ်ဟို တယ်၌ ပြုလုပ်ခဲ့ခြင်းကို ရည်ညွှန်း) ဒီဟာက ရာသီဥတု ပူပြင်းတဲ့အချိန်မှာ အားလုံး လာလို့၊ သွားလို့ ရတဲ့ နေရာ တစ်ခုမှာ စုစည်းခဲ့တာ။ တကယ့် တကယ်တော့ အများ ထင်နေ သလိုလည်း ငွေကုန်ကြေးကျ များတာလည်း မဟုတ်ဘူး။ လာရောက် ဝန်းရံပေးတဲ့ အနုပညာရှင်တွေကလည်း အခမဲ့ ဝန်းရံပေးကြတာပါ။

    ❏ တရုတ် သမ္မတဆီ ပို့မယ့် အိတ်ဖွင့် ပေးစာမှာ ပြည်သူတွေ ဆိုတဲ့ အသုံးအနှုန်း အပေါ် နိုင်ငံ ရေး လေ့လာသူ တစ်ဦးက ဝေဖန်မှုတွေ ရှိပါတယ်။ ဒီကိစ္စအပေါ် ဘာများပြောချင်ပါသလဲ။

    ◉ အဲဒါကို ကျွန်တော်တို့ အမှား ပြင်ဆင်ချက်အနေနဲ့ ထုတ်ဖို့ရှိပါတယ်။ (ဧပြီ ၂၂ ရက်က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်) အင်္ဂလိပ်လို ရေးစဉ်က We လို့ သုံးထားတယ်။ ကျွနု်ပ်တို့လို့ သုံးတဲ့စကားလုံးကို မြန်မာလို့ ပြန်တော့ ပြည်သူများလို့ ဖြစ်သွားတယ်။ အဲဒါကို မိမိတို့လို့ သုံးတဲ့ပြင်ဆင်ချက် ထုတ်မယ်။ ငါတို့ ဆန္ဒမပါဘဲနဲ့ ငါတို့နာမည် သုံးရမလားဆိုတဲ့ အဆင်မပြေ ဖြစ်ကြရ တဲ့အပေါ် အမှားပြင်ဆင်ချက် ထုတ်ဖို့ ရှိပါတယ်။

    ❏ ဧရာဝတီ ဆွေးနွေးပွဲပြီးတဲ့ နောက် အစိုးရပိုင်းက ဆက်သွယ်တာမျိုး၊ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတာ မျိုးကော ရှိပါသလား။

    ◉ လောလောဆယ်တော့ မရှိသေးပါဘူး။ ဒီဟာကလည်းပဲ အဓိက ပြည်သူတွေရဲ့ စုစည်းမှု အနေနဲ့ ပုံဖော်ဖို့ ကြိုးစားတာ ဖြစ်တဲ့အတွက် မရှိသေးပါဘူး။

    ❏ တခြား ဖြည့်စွက်ပြောချင် တာရှိရင် ပြောပြပေးပါဦး။

    ◉ ကျွန်တော်တို့ ဒီအားထုတ်မှုတွေက ပြည်သူ တစ်ယောက်ချင်း စီအနေနဲ့ အကြောင်းအရာ အသေးစိတ်တွေ ရှိတာ သိပါတယ်။ စာချုပ်စာတမ်းနဲ့ ပတ်သက်ပြီး မသိတာတွေလည်း ရှိတယ်။ နောက် အစိုးရအနေနဲ့ ဘာတွေ ဆုံးဖြတ်ကြမလဲ ဆိုတာ မသိရသေးတဲ့ အခြေအနေတွေ ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူလူထု ကတော့ စိုးရိမ်သောက ရောက်တယ်။ ပြည်သူတွေအနေနဲ့ ဒီဟာကို အပြုသဘောနဲ့ ပူးပေါင်း ပါဝင်ပြီး အနာဂတ် မျိုးဆက်သစ် အတွက် လက်ဆင့်ကမ်းဖို့ သဘာ၀ အမွေအနှစ် ကျန်ရှိဖို့က အဓိက ဦးတည်ချက် အနေနဲ့ ဝိုင်းဝန်း အဖြေရှာဖို့ နားလည် ပါတယ်။ ဒီလို စိုးရိမ်ပူပန်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ အားလုံးနဲ့ ဝိုင်းဝန်းလုပ်ဆောင်ဖို့ပဲ ရှိပါတယ်။

  5. ဘာလို့ လျော်ရမှာလဲ။ တာဝန်ရှိတဲ့သူတွေ လျော်မှာပေါ့ ဆိုတဲ့အမြင်က မှားတယ်လို့ မငြင်းပါဘူး။

    Leave a Comment

    နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၌ ပြုလုပ်မည့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် (BRI) ဖိုရမ်သို့ တက်ရောက်ရန် မတ်လ ၂၄ ရက်တွင် ထွက်ခွာသွားပြီဖြစ်သည်။

    ဧရာဝတီမြစ်ဆုံကို ပြန်လည်ရွေးယူရေး စကားဝိုင်းကို ရန်ကုန်မြို့တွင် ဧပြီလ ၂၀ ရက်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူများ၏ ထည့်ငွေဝင် တစ်ဒေါ်လာစီဖြင့် မြစ်ဆုံပြန်လည် ရွေးယူရေး အဆိုပြုချက် အပေါ်တွင် ပြည်သူများအကြား သဘောထား ကွဲလွဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြစ်ဆုံပြန်ရွေးယူရေး စကားဝိုင်း၏ ရည်ရွယ်ချက်၊ တစ်ဒေါ်လာလှုပ်ရှားမှု၏ အနက်၊ မြစ်ဆုံကိစ္စ မပြီးဆုံးသည့် ဖြေရှင်းနည်းများကို ချဉ်းကပ်စဉ်းစားခြင်းများအကြောင်း အဆိုပါ စကားဝိုင်းတွင် ဦးဆောင်ပါဝင်သူ ဒေါက်တာမြင့်ဇော်ကို The Voice Journal က ဆက်သွယ် မေးမြန်းထားခြင်းဖြစ်သည်။

    ဒေါက်တာမြင့်ဇော်သည် သဘာ၀ ဘေးအန္တရာယ်နှင့် သယံဇာတ စီမံခန့်ခွဲမှု ဆိုင်ရာ ပါရဂူဘွဲ့ကို ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှ ရရှိထားသူဖြစ်ပြီး သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ဖြစ်သည်။ မြစ်ဆုံ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက် နစ်နာမှုဆိုင်ရာလှုပ်ရှားမှုဖြင့် ၂၀၁၅ ခုနှစ်တွင် အာရှ Goldman Environmental Prize ဆုကို ရရှိခဲ့သူလည်း ဖြစ်သည်။

    The Voice Journal ❏ မြစ်ဆုံပွဲနဲ့ ပတ်သက်ပြီး မူရင်း ရည်ရွက်ချက်ပျောက်ပြီးတော့ တစ်ဒေါ်လာ လှုပ်ရှားမှုကိုပဲ ပြောနေကြတာရှိတယ်။ တကယ့် ရည်ရွယ်ချက်ဘာလဲ။

    Dr.MZ ◉ မြစ်ဆုံနဲ့ ပတ်သက်တာက တကယ့်ကို အချက်အခြာကျပြီး တော်တော့်ကို အရေးကြီးတဲ့ အချိန်အခါ ရောက်ပြီပေါ့။ လောလောဆယ် ဘယ်လို အဖြေရှာရမလဲ မသိသေးတဲ့ အခြေအနေတစ်ခုမှာ တစ်စုံတစ်ရာ အားလုံး လက်ခံလို့ရမယ့် အဖြေတစ်ခု စပြီးတော့ လုပ်သင့်တယ်။ ပြီးရင်တော့ စိတ်ကူးစိတ်သန်း ပေါ်လာကြမယ် ဆိုတာမျိုးနဲ့ စကြတာပါ။ စကြတော့ ကျွန်တော်တို့ကလေ ဝေဖန်ကြတာတွေ များသော်လည်းပဲ ဒီလို အကြောင်းအမျိုးမျိုး၊ အမြင် အမျိုးမျိုးပေါ်လာတယ်။ အားလုံးက နည်းနာတော့ ကွဲတယ်ဗျ။ ဘယ်လိုလုပ်ကြမယ်။ ဘယ်လို ဖြေရှင်းကြမယ်ဆိုတဲ့ နည်းနာပိုင်းမှာ မတူကြဘူး။ သို့သော် ရည်မှန်းချက်မှာ အများစုက ရေကာတာ ဖျက်သိမ်းဖို့ရာဘက်မှာ တူညီကြတယ် ဆိုတော့ ဒါက ကျွန်တော်တို့ အနေနဲ့တော့ တစ်စုံတရာ လုပ်ဖြစ်နိုင်လိုက်တယ်လို့ တွေးပါတယ်။

    The Voice Journal ❏ တစ်ဒေါ်လာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားထဲမှာ ဝေဖန်မှု အမျိုးမျိုး ထွက်လာပါတယ်။ ဆရာနဲ့ ကလောင် အမည်တူ ရေးတာတွေလည်း ရှိတယ်။ ဒါတွေကို ဘယ်လို ထင်ပါလဲ။

    Dr.MZ ◉ ကျွန်တော့်တို့ အမျိုးမျိ ေးဝေဖန်သုံးသပ်ကြတာတွေ ရှိတယ်ဗျာ။ အဲဒီထဲမှာ တကယ့် အမြင်တစ်ခုက တစ်ဖက်ကတော့ လျော်ကြမယ်။ ဒါက တစ်ပိုင်း။ နောက် တစ်ခုကတော့ ဘာလို့ လျော်ရမှာလဲ။ ဒါနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ လျော်ကြပါစေပေါ့။ အဲဒီအမြင်တွေ ပေါ်လာတယ်။ အဲဒါကိုလည်း လက်ခံတယ်။ အဲဒါကို တာဝန်ရှိသူတွေက လုပ်ရမယ်။ ကျွန်တော်တို့ ဘက်က ပြန်ထောက်ပြတာတော့ ဒါက အရေးသိပ်ကြီးတဲ့ အခြေအနေဖြစ်တယ်။ ကျွန်တော်တို့ ရေရှည် ဦးတည်ရမယ့် ပြည်သူ့ဘဝတရားမျှတမှု Social Justic Issue တွေကို လောလောဆယ် မပြောသေးဘဲ ကိုယ့်မှာ ဆူးနေတဲ့ ဆူးကို ဆွဲနုတ်တဲ့ အစီအစဉ်မျိး ဖြစ်ဖို့၊ အားလုံး လက်ခံတဲ့ အခြေအနေတစ်ခုခုဖြစ်ဖို့ ဦးတည်စဉ်းစားမယ် ဆိုတာမျိုးနဲ့ စဉ်းစားတာပါ။ ဘာလို့ လျော်ရမှာလဲ။ တာဝန်ရှိတဲ့သူတွေ လျော်မှာပေါ့ ဆိုတဲ့ အမြင်က မှားတယ်လို့ မငြင်းပယ်ပါဘူး။ ကျွန်တော်တို့က အဖြေဘက်ကို ဦးတည်တဲ့သဘောပါ။ နောက် တတိယတစ်ခု အုပ်စုက လက်ရှိအစိုးရတာဝန်ယူ လုပ်လိမ့်ဆိုတာ။ အဲဒါလည်း ကျွန်တော်တို့ လက်ခံတယ်။ ဒီစာချုပ် စာတမ်းနဲ့ ပတ်သက်တာတွေသည် အစိုးရကပဲ ဆုံးဖြတ်ရမှာပေါ့လေ။ သို့သော် သူတို့များ ဒီဟာကို လျော်ဖို့ဆိုပြီး ဆုံးဖြတ်ခဲ့ရင်ကျွန်တော်တို့ ဒီဘက်က ပြည်သူ့လှုပ်ရှားမှုဘက်မှာ အဆင်သင့်ရှိတယ်။ ပြည်သူတွေဘက်က တစ်တပ်တစ်အား ပါဝင်ကြမယ် ဆိုတာမျိုးဖြစ်တဲ့အတွက် အဲဒီလိုမျိုး ရှိတာတွေကို လက်ခံတယ်။ ချဉ်းကပ်ပုံအမျိုးမျိုးရှိမယ်။သို့သော် ဒါက ဖြစ်နိုင်ခြေရှိတဲ့၊ ဖြစ်နိုင်ခြေရှာတဲ့ လှုပ်ရှားမှုတစ်ခုပါ။

    စံတော်ချိန်မှာ ဆောင်းပါး ပါတာက ဒီဆရာကလည်း ကံဆိုးစွာ တိုက်ဆိုက်တာပါ။ ဒီဆရာကလည်း အခုမှ ထရေးတယ် မထင်ဘူး။ စံတော်ချိန်မှာ ဒီလိုမျိုး ဆောင်းပါးတွေက ပါနေတာပဲ။ ကျွန်တော်ကလည်းပဲ ဟိုတုန်းက ရှိတဲ့ မောင်မြင့်ဇော်လေးကိုပဲ ကြိုက်တော့ အဲဒါပဲ ပြန် သုံးဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ ဖြေရှင်းရတဲ့အတွက် စိတ်ညစ်ရတယ်။ သို့သော်လည်း အားလုံး သိကြမယ်လို့ မျှော့်လင့်ပါတယ်။ မသိတဲ့ သူတွေလည်း မတတ်နိုင်ဘူးပေါ့။

    The Voice Journal ❏ တစ်ဒေါ်လာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အချို့ပညာရှင်တွေရယ်၊NGO နဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ ဝေဖန်မှုတွေမှာ ဒါက အစိုးရ လုပ်ရမယ့်ကိစ္စ။ အဲဒါကို ဆရာတို့က ဝင်ပါတယ်လို့ ဆိုကြတယ်။ အဲဒီ အပေါ်ဘယ်လိုမြင်လဲ။

    Dr.MZ ◉ ဒီလိုဗျ။ ဒီဟာကတော့လေ အစိုးရ ဦးဆောင် လုပ်ရမယ်ဆိုတဲ့ဟာက မှန်တယ်။ သို့သော် အစိုးရ ဆိုတာ ပြည်သူ့အသံ၊ ပြည်သူလူထုအား၊ အမြင်ကို ကြည့်တာမျိုးရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ မျိုးတွေမှာ ပြည်သူတွေ ပါဝင်ဖို့ဆိုတာ ပြောတာပေါ့။ ပြည်သူတွေ မပါနဲ့။ ကျွန်မတို့ချည်းပဲ လုပ်မယ်လို့ပြောတယ် မထင်ဘူးလေ။ အဲဒီတော့ ဒီဟာတွေက ကျွန်တော်တို့ အနေနဲ့တော့ အစိုးရလုပ်မယ့် အလုပ်ကို ကန့်လန့် ခံတာမျိုး နည်းနည်းမှ မဟုတ်ဘူး။ ဒီဟာသည် ပြည်သူက ပြည်သူ့ဘက်က လှုပ်ရှားရမယ့် တက်ကြွရမယ့် အလုပ်ကို ပြည်သူတွေ လုပ်တယ်လို့ ယူဆပါတယ်။

    The Voice Journal ❏ တစ်ဒေါ်လာလှုပ်ရှားမှုကနေ မြစ်ဆုံစီမံကိန်းအပေါ် ပြည်သူတွေရဲ့ သဘောထားကို မြင်ရရဲ့လား။ သဘောကွဲလွဲမှုတွေကို ဘယ်လိုမြင်ရလဲ။

    Dr.MZ ◉ ကျွန်တော်ကတော့လေ သဘောထား ကွဲလွဲသွားတယ်ဆိုတာထက် နည်းစနစ်ပိုင်း ကွဲလွဲသွားတယ်လို့ ထင်တယ်။ တစ်ဖွဲ့က ထည့်ကြမယ်။ နောက်တစ်ဖွဲ့က ဘာလို့ ထည့်ရမှာလဲ။ တာဝန်ရှိတဲ့သူတွေ လုပ်ကြလိမ့်မယ်။ သို့သော် ကျွန်တော်တို့က အားလုံးရဲ့ အာရုံ စူးစိုက်မှုကို ဘယ်အပေါ်ကို ခေါ်ချင်တာလဲ။ ဘယ်အချက်ကို အဓိက aထာက်ပြချင်တာဆိုတာ ကျွန်တော်တို့မှာ အချိန် သိပ်မရှိဘူး။ အဲဒီတော့လောလောဆယ် ကျွန်တော် ခုနက ပြောတဲ့ဥ ပမာကိုပဲ ပြန်ပြောရရင် ဆူးနေတဲ့ ဆူးကို လက်တွေ့ကျကျ ဘယ်လို နုတ်ကြမလဲဆိုတာ ဝိုင်း စဉ်းစားကြရအောင်ဗျာ။ ခင်ဗျားတို့ပြောတဲ့ တာဝန်ရှိသူတွေ တာဝန်ယူမှာပေါ့ ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီ လူတွေက ဘယ်အချိန် ဘယ်လို တာဝန်ယူမှာလဲဆိုတာ၊ သူတို့ တာဝန်ယူအောင် ဘယ်လို လုပ်မလဲဆိုတာ ကျွန်တော်တို့ မသိဘူးဗျာ။ ကျွန်တော်တို့ သိတာကတော့ ကျွန်တော်တို့ တွေ အာလုံး ဝိုင်းဝန်းပြီးတော့ ဒီလိုများ အစိုးရက တကယ် လျော်ကြစားကြမယ်လို့ ဆုံးဖြတ်ကြရင် ဝိုင်းပြီးတော့ အားထုတ်ကြရင် မကောင်းဘူးလား ဆိုတာ စဉ်းစားဖို့၊ ဝေဖန်ဖို့၊ သုံးသပ်ဖို့ ဒီအချက်အလက်လေး အကျိုးအကြောင်းလေး ပြည်သူထဲကို ရောက်စေချင်တာပါပဲ။

    The Voice Journal ❏ ဆရာတို့ မြစ်ဆုံစီမံကိန်းကို ဘယ်ချိန်မှာ သိပြီးတော့ ကန့်ကွက်လှုပ်ရှားမှု လုပ်လာတာလဲ။

    Dr.MZ ◉ ကျွန်တော်တို့ မြစ်ဆုံစီမံကိန်း အကြောင်း စသိတာ၂၀၀၉ ခုနှစ်မှာဗျ။ အဲဒီကာလက အင်မတန် ခက်တယ်။ ကျွန်တော်တို့ မလှုပ်ရှားရဲဘူး။ အဲဒီတော့ အခြား ခေါင်းစဉ်တွေ တပ်ရမယ်။ ရေအရင်းမြစ်တို့၊ မြေဆီလွှာတို့တပ်တယ်။ အဲဒီလို လှုပ်ရှားမှုက ၂၀၀၉ ကတည်းကစပြီးဗျ။ အဲဒီ အချိန်ကတည်းက ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်သမားတွေက ရေ အရင်းအမြစ်ဘက်ကနေ လှည့်ပြောတာဗျ။ ရေမရှိရင် လူ့အဖွဲ့အစည် းပျက်တာကိုးဗျ။ အဲဒီ အခြေအနေမှာ ၂၀၁၀ လောက်မှာ အသံ ထုတ်ရဲလာတယ်။ ၂၀၁၁ လောက်မှာတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်းနဲ့။ ဦးသိန်းစိန် လက်ထက်မှာ အပြောင်းအလဲစလာတော့ တော်တော်လေး အင်နဲ့အားနဲ့ လှုပ်ရှားရဲလာတယ်။ အခုချိန်အထိပါ။

    The Voice Journal ❏ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ရဖို့ လုပ်နေတဲ့ အထဲမှာ တရုတ် BRI၊ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် မြစ်ဆုံ အစရှိတဲ့ စီမံကိန်းတွေရှိတယ်။ ဒါတွေကို တရုတ်က နိုင်ငံရေးကစားကွက်အနေနဲ့ ကိုင်ထားတယ်လို့ ထင်သလား။

    Dr.MZ ◉ အဲဒါတော့ ကျွန်တော့် အနေနဲ့က အင်အားကြီး နိုင်ငံတစ်ခုအနေနဲ့ တွက်တာ ချက်တာ သူရဲ့ စဉ်းစားချက်တယ် ရှိတယ်ပေါ့ဗျာ။ သို့သော် သေချာတာတော့ ကျွန်တော်တို့ နယ်နိမိတ်ချင်း ဆက်နေပြီး နှစ်နိုင်ငံက ရေရှည်နေကြရမှာ။ အဲဒီတော့ သူတို့နဲ့ ကျွန်တော်တို့ အဆင်ပြေဖို့ လိုတယ်။ အဆင်ပြေဖို့ ပြောတဲ့အတွက် ကျွန်တော်တို့ ဂုဏ်သိက္ခာကိုလည်း သူတို့ အလေးထားဖို့ လိုတယ်။ သူတို့ ဂုဏ်သိက္ခာကိုလည်း ကျွန်တော်တို့ အလေးထားမယ်ပေါ့။ အဲဒီလိုမျိုးအခြေအနေနဲ့ သွားချင်ပါတယ်။

    နောက် တစ်ခုကတော့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ကတော့ ဘယ် စီမံကိန်းမဆို ဘယ်သူ အကျိုးရှိမှာလဲ။ လူနည်းစု အကျိုးရှိမှာလား။ လူများစု အကျိုးရှိမှာလား။ နောက် ဘယ်တွေ ခိုက်မှာလဲ။ ဘယ်သူတွေ နစ်နာမှာလဲ။ စီမံကိန်း တစ်ခုချင်းနဲ့ ပတ်သက်တဲ့ အကဲဖြတ်ချက်ဆန်းစစ်ချက်တွေက လိုတာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့တော့ သူ ဘာလိုချင်လို့ ဘယ်လို အတွေးနဲ့ လုပ်ရှားနေတာပဲ ဖြစ်ဖြစ် လုပ်တဲ့ အလုပ်တွေမှာ ဖြစ်လာမယ့် အကျိုးဆက်၊ မျှတမှု၊ ညီညွတ်မှု၊ ပွင့်လင်းမြင်သာမှု အဲဒီအခြေခံတွေပဲ ဆန်းစစ်ရမယ်။ သို့သော် အဲဒီလိုပြောတဲ့အတွက် တစ်ဖက်မှာလည်း နှစ်နိုင်ငံဟာ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေလို့ မရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကြည်ကြည်လင်လင် မြင်နိုင်၊ ကြည့်နိုင်တဲ့ အချိန်ဖြစ်ဖို့ လိုတယ်လို့ တွေးပါတယ်။ ဒီမြစ်ဆုံစီမံကိန်း ရပ်တန့်ပေးပါလို့ တရုတ်ဘက်ကို ကျွန်တော်တို့ လှမ်းပြီးတော့ ဆော်ဩရတာလည်း ဒါကြီးက ကျွန်တော်တို့နိုင်ငံပြည်သူထဲမှာ ဆူး တစ်ချောင်းလို ကျန်ခဲ့မှာ။ အဲဒါဆို သူတို့နဲ့ ကျွန်တော်တို့ရဲ့ ရေရှည် ဆက်ဆံရေးလည်း ပိုကောင်းဖို့ ခဲယဉ်းပါတယ်။ အဲဒီအပေါ်ကနေ အခြေခံပြီးပြောကြတာပါ ခင်ဗျ။

    The Voice Journal ❏ မြစ်ဆုံစာချုပ်နဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူက နိုင်ငံတကာ စာချုပ်ဖြစ်လို့ ပြည်သူတွေဆီ တင်ပြနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ပြောထားတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

    Dr.MZ ◉ ကျွန်တော်တို့က လည်း အဲဒီ မေးခွန်းလိုပဲ။ အဲဒီဟာနဲ့ တူတဲ့ မေးခွန်းက ရှိနေတာ။ ဒါတွေကို ကျွန်တော်တို့က ဘာကြောင့်များသိခွင့် မရတာလဲ။ ဒါတွေကို ချပြဖို့ ဘာကြောင့် အခက်အခဲတွေ ဖြစ်နေတာလဲ အစိုးရကို မေးချင်တဲ့ မေးခွန်း။ နောက် ကျွန်တော်တို့ နိုင်ငံမှာ ဥပဒေ ပညာရှင်တွေလည်း ရှိတယ်။ သူတို့တွေသည် လည်း ကျွန်တော်တို့ ကူပြီးတော့ ဖြေပေးရမှာပေါ့။ သူတို့ ဘက်ကနေလည်း နိုင်ငံတကာ စာချုပ်စာတမ်းတွေက ဘာလဲ။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာကြောင့် သိခွင့်မရှိရတာလဲ။ ဒီမေးခွန်းကတော့ မေးခွန်းနဲ့ ပြန်ဖြေရမယ်။ ကျွန်တော်လည်း အဲဒီလိုမျိုး သိချင်ပါတယ်ပေါ့။ ဘာကြောင့်များ ဒီအခြေအနေ ဖြစ်နေရတာလဲ။

    The Voice Journal ❏ ဒါပေမဲ့ ဒီအချိန်မှာ ပြည်သူတွေကို စာချုပ်မပြနိုင်ရင် ဘယ်အချိန်မှာ ပြည်သူတွေ သိခွင့်ရှိမယ်လို့ မျှော်လင့်နိုင်မလဲ။ ဆရာ ဘယ်လိုထင်လဲ။

    Dr.MZ ◉ အဲဒါက ကျွန်တော် စပြောခဲ့သလိုပဲ။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိခွင့်လည်း မရှိ၊ ပြောခွင့်လည်း မရှိတဲ့ အချိန်မှာ ဒါကြီး (မြစ်ဆုံစီမံကိန်း) ကို ပြန်လုပ်မယ်လို့ ဆုံးဖြတ်လိုက်မှာ၊ နည်းနည်းပါးပါး အပြောင်းအလဲလုပ်ပြီး ဆုံးဖြတ်လိုက်မှာကို ကျွန်တော်တို့ တအားပူပန်တယ်။ ဘာကြောင့်လဲဆို ဒါကြီးက လုပ်မယ်လို့ ဆုံးဖြတ်ပြီးသော်လည်း သူ့ ပြဿနာတွေက ပြီးသွားမှာမဟုတ်ဘူး။ ကမ္ဘာ့အရပ်ရပ်မှာ ဒါနဲ့ပတ်သက်တဲ့ နမူနာတွေ၊ ဆန့်ကျင်တာတွေ၊ ကန့်ကွက်တာတွေက ဆက်တိုက် ဆက်ဖြစ်နေဖို့ များတယ်။

    နောက်လူထုထဲမှာလည်း ငါတို့ကို အင်အားကြီး နိုင်ငံက အနိုင်ကျင့်သွားတယ် ဆိုတဲ့ ခံစားမှု အမုန်းကလည်း များလာဖို့ရှိတယ်။ ငါတို့အစိုးရက ငါတို့ကို ကာကွယ်နိုင်တာမှ ဟုတ်ရဲ့လားဆိုတဲ့ သံသယနဲ့ မေးခွန်းလည်း ပေါ်လာဖို့ရှိတယ်။ နောက်တစ်ခုကတော့ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ စီမံကိန်းကို သူတို့ဘက်က အတင်း ဒရောသောပါးတွန်းလုပ်မယ်ဆိုရင် ကျွန်တော်တို့ ဌာနေပြည်သူတွေ မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး မြောက်ပိုင်းက မေခ၊မလိခမြစ်ဝှမ်းအပေါ် အများကြီး အန္တရာယ် ကြုံရနိုင်တာရှိတယ်။

    နောက်ဆုံး တစ်ခုကတော့ အခုလိုရာသီဥတု ကူးပြောင်းနေတဲ့ အချိန် ဒီလောက်ပူပြင်းနေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ တွေးကြည့်လို့ရပါတယ်။ မြစ်ကို ပိတ်ဆို့ပြီး တည်ဆောက်နေကြတဲ့ ကိစ္စတွေက ဆည်ဆောက်ပြီးရင် ရောက်မယ့် အကျိုးဆက်ကို ပူပန်သလို မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားတဲ့ဒေသ၊ နိုင်ငံ အောက်ပိုင်းဒေသတွေကို ဆည်ဆောက်ပြီးရင် ဖြစ်မယ့်ကာလမှာ ဘယ်လို အပြောင်းအရွှေ့တွေ ကြုံရမလဲဆိုတဲ့ ပူပန်မှုတွေ များပါတယ်။ အတင်းကြီး လုပ်ကြမယ်လို့ ဆုံးဖြတ်လိုက်ရင်၊ စာချုပ်စာတမ်းလည်း ကြည့်ခွင့် မရရင် ကျွန်တော့်အမြင်နဲ့တော့ ကြုံလာမှာတွေကို မတွေးရဲဘူး။ အဲဒီအထိ စိတ်ပူပန်တာတွေ ရှိပါတယ်။

    The Voice Journal ❏ အခုချိန်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု ဆန်းစစ်ချက် (EIA/SIA) တွေ ပြန်လုပ်မယ်ဆိုပါစို့။ အကောင်း၊ အဆိုးထွက်လာမယ့် အပေါ်မှာ ဘယ်လိုထင်မြင်လဲ။

    Dr.MZ ◉ အဲဒီ aမးခွန်းကို တော်တော်ပြတ်ပြတ်သားသား ဖြေလို့ရတယ်။ သူတို့ ဆန်းစစ် jပီးသွားကြပြီ။ EIA/SIA ဆန်းစစ် ပြီးသွားကြပြီဆိုရင် ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဘဏ်နဲ့ သစ်တော၊ စွမ်းအင်ပါ ပေါင်းလုပ်ထားတဲ့ ရေအား လျှပ်စစ်လေ့လာရေး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက မြစ်များပေါ်မှာ လုပ်ထားတဲ့စ ာတမ်းမှာ မြန်မာနိုင်ငံရဲ့ မြစ်မကြီးတွေမှာ မလုပ်သင့်ဘူး။ ဘာကြောင့် မလုပ်သင့်ဘူး၊ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ ဖော်ပြပြီးသား။ အကဲဖြတ်ချက် အပိုင်းက ရှင်းလင်းပြီးသား။

    ဒီထက်ပိုပြီးတော့မှ မြစ်ဆုံအရေးက သဘာ၀ ပတ်ဝန်းကျင် ကိစ္စတစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လက်ရှိ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ကချင်ပြည်နယ် နေရာမှာ သွားလုပ်တာ ကချင်ပြည်သူတွေက တစ်သက်လုံး ကျွန်တော်တို့ကို ဘယ်လိုမှ အမြင်ကြည်စရာ မရှိတော့ဘူးဗျာ။ တခြားတို င်းရင်းသား ရခိုင်၊ ရှမ်း၊ မွန် ဒီနယ်သားတွေလည်းပဲ ကျွန်တော်တို့က လူအများစု ဖြစ်လို့ အနိုင်အထက် လုပ်တာပါပဲလို့ ထင်မြင်ချက်နဲ့ ငြိမ်းချမ်းရေး အလားအလာတွေ ကောင်းနိုင်စရာ မရှိဘူးလို့ မြင်တာပေါ့ဗျာ။ နောက်တစ်ခုက ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ အမှတ်အသားပဲဗျ။ IDENTITY ဒါကြီး ထိသွားရင် ကျွန်တော်တို့ နိုင်ငံတစ်ခု လူ့ယဉ်ကျေးမှုတစ်ခု ထိခိုက်နစ်နာသွားတဲ့ အခြေအနေမျိုး ဖြစ်မှာ။ ဒီဟာက အကဲဖြတ်ချက်နဲ့ ဆန်းစစ်ချက်နဲ့ ပတ်သက်တဲ့ ကိစ္စမျိုး မဟုတ်ပေမယ့် နိုင်ငံတစ်ခု ရှင်သန်ဖို့အတွက် ဝိုင်း အားထုတ်ရတဲ့ ကိစ္စမျိုးတောင် ဖြစ်နေတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။

    The Voice Journal ❏ အခုအန်တီလည်း တရုတ်သွားပြီဆိုတော့ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အပြီးသတ် အဖြေရမယ်ထင်လား။

    Dr.MZ ◉ သားရွှေအိုး ထမ်းလာတယ်ဆိုတဲ့ ပုံစံမျိုး၊ အများပြည်သူတွေ လက်ခံနိုင်တဲ့ အခြေအနေမျိုး အဖြေတစ်ခုခု ညှိနှိုင်း လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ဖက်ကလည်းပဲ ကြောက်စိတ်ရှိတာပေါ့။ ကျွန်တော်တို့ မမြင်ရတဲ့ အခြေအနေ အကြောင်းတရားတွေကြောင့် ဒါကိုများ သဘောတူလာခဲ့ရင် ခုန ကျွန်တော် ပြောသလိုပဲ မြင်အောင် ကြည့်ဖို့တောင် ကြောက်တဲ့ အခြေအနေမျိုးတွေ ကြုံလာမှာ စိုးရိမ်တယ်။ တစ်ဖက်က မျှော်လင့်ချက် တစ်ဖက်က စိုးရိမ်စိတ် တော်တော် ကြီးကြီးမားမား ရှိပါတယ်။

    The Voice Journal ❏ အန်တီက စာချုပ် စာတမ်းတွေကို လေးစားလိုက်နာရမယ် ဆိုထားတယ်။ အကယ်၍ စာချုပ် ပြင်ပြီးတော့ မြစ်ဆုံစီမံကိန်း ဆက်လုပ်မယ်လို့ သဘောတူခဲ့ရင် မြန်မာနိုင်ငံ ဘာဖြစ်သွားနိုင်လဲ။

    Dr.MZ ◉ အဲဒါကလည်း ခုနပြောသလိုပဲ။ စာချုပ် မမြင်ရသေးလို့ ကျွန်တော်တို့က ဘယ်လိုလုပ် ပြောမတုန်း။ ပြည်သူတွေက ပြောဖို့တော်တော်ကို ခက်ပါတယ်။

    The Voice Journal ❏ ဒီစီမံကိန်းက အန်တီ တရုတ် ခရီးစဉ်က ပြန်လာတဲ့ အထိ အပြီး မသတ်ဘူးဆိုရင် နောက် အစိုးရ သက်တမ်းတစ်ခုမှာရော စီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။

    Dr.MZ ◉ ကျွန်တော်တို့ လတ်တလော ဘာကြောင့် ဒီဟာတွေ ပ်လဲဆိုရင် ကျွန်တော်တို့ အချိန်ဆွဲထားတဲ့ အချိန်ဆွဲလို့ ရသလောက် ဆွဲထားတဲ့ အခြေအနေတစ်ခုက တော်တော်လေး ကြာသွားပြီလို့ ထင်တယ်ဗျ။ တစ်ခုမဟုတ် တစ်ခုတော့လေ အဖြေရှာရမယ့် ကာလကို ရောက်နေပြီလို့ ကျွန်တော် ထင်တယ်။ အကြောင်းကြောင်းနဲ့ ဆက်ဆွဲထားရင်လည်း ဒါက ဦးသိန်းစိန် လက်ထက်က ဒီလိုပဲ ဆွဲထားခဲ့တာပဲ။ နောက် ပြဿနာကြီးတစ်ခု၊ အရှုပ်အထွေးကြီး တစ်ခု မပြီးပြတ်ဆိုတာမျိုး ဖြစ်နေမယ် ထင်တယ်။ အဲဒါကတော့လည်း တစ်ဖက်မှာတော့ အတင်းကြီး ဆုံးဖြတ်ချက် ချလိုက်မှာကိုလည်း ပူပန်တယ်ဗျ။ အဲဒီတော့ အချိန် ဆွဲထားရင် ကောင်းတော့ မကောင်းဘူး။ ကျွန်တော်တို့ ဒရောသောပါးကြီး ဆုံးဖြတ်လိုက်တာမျိုးထက် စာရင်တော့ တော်သေးတယ်လို့ ဒီလိုပဲ ပြောရမလား။ ကျွန်တော်တို့မှာတော့ အတော်လေး အကျပ်အတည်းဆိုတဲ့ အခြေအနေမျိုး ရောက်နေကြတာပေါ့ဗျာ။

    The Voice Journal ❏ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အန်တီက ပြတ်ပြတ်သားသား မပြောလို့ အန်တီကို ကြောက်ပြီးတော့ တချို့ ပြည်သူတွေက အသံ ထွက်မလာတော့ဘူး။ အန်တီလုပ်ရင် သဘောတူရမှာပဲဆိုတဲ့ သူတွေလည်း ရှိနေတယ်။ အဲဒီအခြေအနေကို ဘယ်လိုမြင်လဲ။

    Dr.MZ ◉ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ပြည်သူရဲ့တာဝန်က ရွေးကောက်ပွဲမှာ မဲပေးရုံ တစ်ခုနဲ့ ပြီးသွားတာမှ မဟုတ်ဘဲဗျာ။ ဘယ် အစိုးရမှလည်း မင်းတို့ ရွေးကောက်ပွဲ မဲထည့်ပြီးရင် ပြီးပြီလို့ ပြောကြမယ် မထင်ဘူးဗျာ။ အဲဒီတော့ ခေတ်ကာလ စနစ်အခြေအနေတွေ ပြောင်းလဲတာရှိမယ်။ ပြည်သူ လူ့အဖွဲ့အစည်းတွေ ပြည်သူတွေဘက်ကတော့ သူတို့ပြည်သူ့ဘ၀ ရေရေရာရာ အောက်ခြေမှာ ဖြစ်နေတဲ့ စိုးရိမ်တာ ပူပန်တာ၊ သောက ရောက်ရတာ၊ ပြောင်းစေချင်တာ၊ ပြင်စေချင်တာ၊ ဒီဟာတော့ ရှိနေမှာပေါ့ဗျာ။ ရှိနေတာလည်း အဓိပ္ပာယ် ရှိတယ်လို့ ယူဆပါတယ်။ ခုနက ပြောသလိုပဲ။ ပြည်သူ့တာဝန်က ရွေးကောက်ပွဲမှာ မဲပေးပြီးသွားတာ တစ်ခုတည်းနဲ့ ဘယ် ပြီးနိုင်ပါ့မလဲ။ ဆက်ပြီးတော့ လှုပ်ရှား ဆောင်ရွက်နေဖို့ လိုတာပေါ့ဗျာ။

    (ယခု အင်တာဗျူးကို ဧပြီ ၂၇ ရက်ထုတ် The Voice Weekly Journal အတွဲ ၁၅၊ အမှတ် ၁၁ ၊ စာမျက်နှာ ၈ တွင် ဖော်ပြခဲ့ပါသည်)

    Photo: Goldman Environmental Prize