မြစ်ဆုံရေကာတာဟာ မြန်မာနိုင်ငံအတွက် ဘာအကျိုးမှ မရပါဘူး
ဧပြီ ၁ ရက်က နာရေးကူညီမှုအသင်း(ရန်ကုန်) ခန်းမတွင် ပြုလုပ်ခဲ့သော ” မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သော ကိုတာ၏ တင်ပြချက် ဖြစ်ပါသည်။ ကိုတာသည် “ဧရာဝတီကို ပြန်ရွေးယူကြမယ်” အစီအစဉ် ဖြစ်မြောက်ရေး ဦးဆောင်သူများအနက် တဦးဖြစ်ပါသည်။
ကျွန်တော်က မြစ်ဆုံရေကာတာဆောက်မှာကို ဆန့်ကျင်ပါတယ်။
အရင်ကလည်း ဆန့်ကျင်ခဲ့ပါတယ်။
အခုလည်း ဆန့်ကျင်ပါတယ်။
မြန်မာနိုင်ငံအတွက် ဘာအကျိုးမှ မရပါဘူး။
မြစ်ဆုံကြောင့်
၁။ အလုပ်အကိုင် မရပါဘူး။
၂။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘာမှ မဆိုင်ပါဘူး။
၃။ စွမ်းအင်အတွက် ဆိုတာတောင်မှ တရုတ်ကို ၉၀% ပေးရမယ် ။ ရင်းနှီးမြှုပ်နှံတဲ့ မြန်မာ ကုမ္ပဏီက ၅% ဆိုတော့ လူတွေ အတွက်က ၅% ပဲ ကျန်ပါတယ်။
ဒီဆည်ကြောင့် စွမ်းအင် ဘာမှ လောက်လောက်လားလား မရပါဘူး။
ဒါဆို ဘာအကြောင်းပြချက် ရှိသလဲ။
အကြောင်းပြနေတာ တစ်ခုကြားရတယ်။
အရင် အစိုးရတွေ လုပ်ခဲ့လို့ အခု ကတိတည်ရမယ် ဆက်လုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်ပါ။
ဒီအကျိုးအကြောင်းက မလျော်ကန်ပါဘူး။
လက်ရှိ အစိုးရကို အရင်အစိုးရတွေ လုပ်သလို လိုက်လုပ်မယ် မဟုတ်ဘူးလို့ တွက်ခဲ့ပြီး ကျွန်တော်တို့ မဲပေးခဲ့တာပါ။
အရင် အစိုးရလုပ်ခဲ့တဲ့ အမှားအယွင်းတွေကို ပြင်ဆင်တဲ့ အစိုးရကိုပဲ ကျွန်တော်တို့ အလိုရှိပါတယ်။
ကတိတည်ဖို့ လိုတယ်ဆိုရင် ဒါအရင်က မှားခဲ့တယ်။ ဒီအတွက် ပြင်ဆင်ရမယ်။ ဒီအတွက် လျော်မယ်။ ဒါမျိုးဟာလည်း ကတိ တည်တာပါပဲ။ မလွှဲသာရင် အလဲအလှယ် အနေနဲ့ အခြား နေရာတခုခုလည်း စဉ်းစားပေါ့။ အလွန် မလွှဲသာရင် ပေါ့ဗျာ။
* ဒီမြစ်ဆုံကတော့ တရုတ်တွေကို အညှာကိုင်ဖို့ အခွင့်ပေးသလိုဖြစ်မှာ စိုးပါတယ်။ အချုပ်အခြာ အာဏာကိစ္စပါ။ သူတို့ investment ကာကွယ်ဖို့ တရုတ် settlement တွေရောက်မှာပဲ။ မြန်မာဖြစ်ဖြစ် အခြားနိုင်ငံဖြစ်ဖြစ် တရုတ်တွေ ရောက်လေ့ရှိတာပဲ။ တရုတ်တွေ လာကြမှာပဲ။ ဒါမျိုး စဉ်းစားပြီးပြီလား။
* အမြင်ကျယ်ကြရမယ်လို့ ပြောပါတယ်။ ဘယ်လို ကျယ်ရမှာလဲလို့ ကျွန်တော်တို့ စဉ်းစားကြည့်တယ်။ သာမန် လူတစ်ယောက်အနေနဲ့ပါ။
(၁) မြစ်ဆုံကို တရုတ် investment နဲ့ ဆက်စပ် စဉ်းစားရမှာလား။ တရုတ် investment တိုင်းဟာ ပြဿနာတွေနဲ့ ချည်းမို့ မလွမ်းပါ ။
တရုတ် Investment တွေဟာ responsible investment မဟုတ်ကြတာတော့ များပါတယ် ။
တရုတ်နဲ့ ဆက်ဆံရေး (ဝါ) တရုတ်ထောက်ခံမှုကို ယူရမှာလား။ လျော်စရာရှိတာ လျော်ဖို့ပဲ လိုမှာပါ ။
သူတို့လည်း ဒါကိုပဲ လိုချင်တာပါ။
ရေနံပိုက်လိုင်း ရပြီးပြီ။
ဆိပ်ကမ်း ရပြီးပြီ ။
ကျုပ်တို့က သူတို့ ရင်ခွင်ထဲ ရောက်ပြီးပြီ။
(၂) မြစ်ဆုံကို စစ်ပွဲနဲ့ ဆက်စပ် စဉ်းစားရမှာလား။ စစ်ပွဲတွေ အတွက် တရုတ် အကူအညီ လိုချင်ကြတယ်။ အဲ့ဒါကြောင့် မြစ်ဆုံကို ပေးရမလားလို့ စိတ်ကူးရမှာလား။
နေပါဦး။
အဲ့ဒီနေရာကို ကိုယ်ပိုင်တယ်လို့များ ထင်နေကြတာလား။
ကချင်တွေကို ဘယ် သွားထားမှာလဲ။
(၃) အင်ဂျင်နီယာအချို့က ဆည်တည်နိုင်တယ်ပြောတယ်။
တည်နိုင် မတည်နိုင်ကို စဉ်းစားရမှာမှ မဟုတ်တာ။
ဆည်တည်သင့် မတည်သင့်ဘဲ စဉ်းစားရမှာ မဟုတ်လား။
ပရိသတ်ကြီးခင်ဗျား ပြောပါရစေ။
၁။ ဒီဆည်တည်မယ့် ကိစ္စကို မြန်မာပြည်သူလူထု အမြောက်အမြားနဲ့ ဆန့်ကျင်ပါတယ်။
ကန့်ကွက်နေကြပါတယ်။
၂။ တရုတ်အကျိုးချည်းပဲ မြန်မာပြည်အတွက် ဘာအကျိုးမှ မရှိပါဘူး။
မြစ်ဆုံကြောင့်မို့များ မြန်မာတွေ
(က) အလုပ်အကိုင် မရဘူး
(ခ) စွမ်းအင် မရဘူး
(ဂ) အချုပ်အခြာအာဏာကိုသာ ထိခိုက်မယ်။
တရုတ်ကို အညှာကိုင် လည်မျိုညှစ်ခွင့် ပေးသလို ဖြစ်မယ်။ ဟိုတလောက အိန္ဒိယ ပါကစ္စတန် စစ်ဖြစ်တော့ အိန္ဒိယက ရေကို လမ်းလွှဲမယ် လုပ်သတဲ့။ ရေစစ်ပွဲ ဖြစ်သဟေ့လို့ ရေးကြတယ်။ အဲ့သလို ထိခိုက်မှာပါ။
• မြစ်ဆုံကို တရုတ် BRI ဆက်စပ်ပြီး စဉ်းစားတဲ့ အမြင်ကျယ်မှုက ရွှေဉာဏ်တော် ဆူးရောက်တာပါပဲ။
• တရုတ်ကျေးဇူး ရှိတယ်လို့ ပြောသံဆိုသံ ကြားရပြန်တယ်။ အဲသလို လူတွေကိုတော့ ခင်ဗျားတော့ဖြင့် အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေးတွေ ကျနိုင်တယ်ဗျလို့ ပြောရမှာပါ။
အတ္တဆိုတာ မိမိပေါ့။ နုဝါဒဆိုတာ ယိုးစွပ်တာ။ တရုတ် ကျေးဇူးရှိတယ် ပြောတဲ့သူတွေဟာ မိမိကိုယ်မိမိ ယိုးစွပ်တဲ့သူဖြစ်မယ်။
ပရာနုဝါဒ ဆိုတာကတော့ အများက ယိုးစွပ်တာပါ။ အများက ယိုးစွပ်တာကတော့ သမိုင်း ဖြစ်သွားတာပါပဲ ခင်ဗျား။
ကျွန်တော် စဉ်းစားမိတာကို ပြောပါတယ်ခင်ဗျား။
ကျေးဇူးတင်ပါတယ်။