ဧရာဝတီမြစ်ကိုတော့ ဘယ်နည်းနဲ့မှ ပျက်စီးမခံနိုင်ပါဘူး
ဧပြီ ၂၀ ရက်က ပြုလုပ်ခဲ့သော “ဧရာဝတီကို ပြန်ရွေးယူကြမယ်” အခမ်းအနားတွင် ပြောကြားခဲ့သော စာရေးဆရာမဂျူး ၏ တင်ပြချက် ဖြစ်ပါသည်။ ဆရာမ ဂျူးသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ဝတ္ထုရေးဆရာ တဦးဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဟောပြောမှုများ၌ ရှေ့တန်းက ပါဝင်လှုပ်ရှားနေသူ တဦးလည် ဖြစ်သည့် အပြင် ယခင်ကတည်းက မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ရပ်တန့်ရေး ကိစ္စများတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်သည်။
ပါရီမြို့က နော်တာဒမ်း ဘုရားကျောင်းကြီး မီးလောင်သွားလို့ ပြင်သစ်နိုင်ငံ ပြည်သူပြည်သားတွေ သာမကဘဲ ကမ္ဘာသူ ကမ္ဘာသားတွေပါ နှမြောတသ ယူကျုံးမရ ဖြစ်ကြရတာ အခု aလာလောဆယ် ကြားသိနေရပါတယ်။ ပျက်စီးသွားတဲ့ ဘုရားကျောင်းကြီးကို ပြန်ဆောက်မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက် ချက်ချင်းပဲ အလှူငွေတွေ စတင် လှူကြ စာရင်း ပေးကြတယ်။ ပြင်သစ်နိုင်ငံချည်းပဲ မဟုတ် တခြားနိုင်ငံတွေကပါ ယူကျုံးမရ လှူဖို့ ထက်သန်ကြတယ် အားရစရာပါ။
လူဝီဗီတွန် ဖက်ရှင်က ယူရို သန်း ၁၀၀။ တိုတယ်ရေနံက ယူရို သန်း ၁၀၀။ ငါးနှစ်လောက်တော့ အချိန် ယူရမယ်တဲ့။ ရှေးဟောင် းအနုပညာ ယဉ်ကျေးမှု လက်ရာ တစ်ခုကို မူလအတိုင်း လူတွေက ပြန်တည်ဆောက်တဲ့ ကိစ္စ ဖြစ်နိုင်ပါတယ်။ ဒါက နဂိုကတည်းက အနုပညာမြောက်အောင် လူက ဖန်တီးထားတဲ့ လူလုပ်ထားတဲ့ ရှားပါးလက်ရာ တစ်ခုကိုး။
သဘာဝ တရားက ပေးအပ်ထားတဲ့ မြစ်တစ်စင်း ပျက်စီး ဆုံးရှုံးပြီးသွားရင်တော့ ပြန်လည် တည်ဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ မြစ်ကို ပြန်ရချင်လို့ ငွေတွေလည်း သိပ်တတ်နိုင်လို့ ကောသွားတဲ့ မြစ်နေရာကို ပြန်တူးပြီး ရေတွေ ထည့်နိုင်ရင်တောင် ဒါက မြောင်းပဲ ဖြစ်မယ်။ မြစ် မဟုတ်တော့ဘူး။ မြစ်မှာက ကမ်းစပ်နဲ့ ရေချည်းရှိတာ မဟုတ်ဘဲကိုး။
လူနဲ့ တခြားသက်ရှိ သတ္တဝါတွေ သက်မဲ့ ပတ်ဝန်းကျင် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မှီခိုကြတဲ့ ဂေဟစနစ် ဆိုတာ တွဲလျက် ပါနေပါတယ်။ မြစ်တစ်စင်းဟာ သူ့ ခရီးတစ်လျှောက်မှာ အပြတ်အတောက် မရှိဘဲ အနိမ့်အမြင့် အတက်အကျ သဘာဝ ရေစီးရေလာ ရှိနေဖို့ လိုတာကိုး။ အဲ့ဒါတွေက ပျက်သွားရင် ပြန်ပြင်လို့ မရတော့ပါဘူး။ သဘာဝ ဂေဟ စနစ်က မီးလောင်သွားတဲ့ နော်တာဒမ်း ဘုရားကျောင်းကြီးလို ပြန်ဆောက်လို့ ရတဲ့အရာ မဟုတ်ပါဘူး။
ဧရာဝတီကို ကျွန်မ ငယ်ငယ်က ရင်းနှီးခဲ့တာ၊ ကျွန်မရဲ့ဧရာဝတီက ရေနံချောင်းမြို့ ဘေးကနေ ဖြတ်ပြီး စီးဆင်း သွားတဲ့ မြစ်တစ်စင်းပေါ့။ မြစ် ကျေးဇူးကြောင့် ဘဝပေါင်း သောင်းနဲ့ သိန်းနဲ့ချီပြီး အသက်ရှင်နေခဲ့ရတာကို ငယ်စဉ်ကတည်းက ကျွန်မ မြင်တွေ့ခဲ့ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ အလယ်ပိုင်းက မိုးထက် မြစ်ကို အားကိုး ရှင်သန်ကြရတာကိုး။ နုံးချတဲ့ မြစ်ရဲ့ ထုံးစံအရ နွေမှာ ရေကြောင်း ကျဉ်းတယ်။ သောင်ထွန်းတယ်။ ရေတိမ်တယ်။ ဒါပေမယ့် မြစ်ထဲမှာ မော်တော်တွေ သွားလို့ ရတယ်။ မိုးရောက်တော့ ရေပြင်ကျယ်တယ်။ ရေနက်တယ်။ သင်္ဘောကြီးတွေ သွားတယ်။ ရေနံတင် သင်္ဘောကြီးတွေ ရေနံချောင်းမြို့ကမ်းစပ်မှာ ရပ်ထားတာကို ကျွန်မတို့ ကျောင်းသားတွေ သတင်းတစ်ခုအဖြစ် သွားကြည့်ကြ၊ ပြန်ပြောကြ၊ ဆင်ပြောင် ၁၊ ဆင်ပြောင် ၂ အိုးအကြီးကြီးတွေပေါ့။
ကျွန်မတို့ဆီမှာ ဧရာဝတီက နှစ်တိုင်း သောင်ထွန်းပြီး နုံးတင်တော့ မြေနုကျွန်းတွေ တစ်ခု ပေါ်လိုက် တစ်ခု ပျောက်လိုက် မပြတ်တော့ ကောက်ပဲ သီးနှံတွေ ဖြစ်ထွန်းပါတယ်။ ရေချိုငါး ရေချိုပုစွန်တွေ ပေါမှပေါ။ ဒါပေမယ့် ငယ်ငယ်က ဧရာဝတီဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ လုံးဝ ပြောင်းလာတယ်။ မြစ်ကြောင်းတွေ ပြောင်းလာတယ်။ ကျွန်မတို့ ရေနံချောင်းရဲ့ မြေနုကျွန်းတွေက မြေရင့်သွားတယ်။ မန်ကျည်းလို ထနောင်းလို သစ်ပင်ကြီးတွေတောင် ပေါက်ပြီး မြေမာတွေ ဖြစ်သွားပြီ။ သောင်ခုံကြီး ကြီးလာ မြစ်နဲ့မြို့နဲ့ ဝေးလာတော့တယ်။ ဘာကြောင့် အဲ့ဒီလောက် နုံးများပြီး သောင်ထွန်းလဲ။ မြစ်အထက်မှာ သစ်ခုတ် ရွှေတူး ရေဝေတောတွေ အပြောင် ရှင်းခံရလို့ပေါ့။
တကယ်တော့ ကျွန်မတို့မြန်မာနိုင်ငံမှာ နော်တာဒမ်းကဲ့သို့ တန်ဖိုးထားရတဲ့အရာတွေ သဘာဝသယံဇာတတွေ အများကြီး ဆုံးရှုံးခဲ့ရပြီးပါပြီ။
ကချင်ပြည်နယ်ရဲ့ အသည်းနှလုံး၊ သစ်တောတွေ၊ သစ်ခွတွေ၊ လိပ်ပြာတွေ၊ တောင်ဇလပ်တွေက အစ ရခိုင်ရိုးမ ပေါ်က သစ်တောတွေ၊ ဆင်တွေ အလယ် မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်က ဒီရေတောတွေ အဆုံး ကျွန်မတို့ ဘဝ သက်တမ်း ကျွန်မတို့ မျက်စိအောက်မှာတင် လောင်ကျွမ်း ပျောက်ကွယ်သွားတဲ့ သဘာဝ အမွေအနှစ်တွေကို ကျွန်မတို့ နောက် မျိုးဆက်အတွက် လက်ဆင့် မကမ်းနိုင်တော့ပါဘူး။
မြစ်ဆုံ ရေကာတာဟာ ကျွန်မတို့ အတွက်တော့ လောင်စာအပြည့်နဲ့ မီးတင်ရှို့ခံရမယ့် အခြေအနေတစ်ခုလို့ ခံစားရပါတယ်။ ဧရာဝတီမြစ်ကိုတော့ ကျွန်မတို့ ဘယ်နည်းနဲ့မှ ပျက်စီး မခံနိုင်ပါဘူးရှင့်။
စက္ကူစာရွက်ပေါ်မှာ ကျွန်မတို့ မသိလိုက်ဘဲ ရောင်းခံလိုက်ရတဲ့ ကျွန်မတို့ရဲ့ မြစ်ကို ကျွန်မတို့ သားစဉ် မြေးဆက်အတွက် ဖြစ်တဲ့နည်းနဲ့ ပြန်ရွေးယူချင်ပါတယ်။
ဒီကိစ္စ ဘယ်သူ့မှာ တာဝန်ရှိတယ်။ တကယ် လျော်ရမှာက ဘယ်သူတွေ ဆိုတာကို အငြင်း မပွားခင် လောလောဆယ် လောင်ကျွမ်းပျက်စီးတော့မယ့် မြစ်ကို ဘယ်လို ကယ်တင်ကြမလဲ စဉ်းစားအားထုတ်ကြရအောင်ပါ။
ကျွန်မတို့ ပြည်သူတွေဟာ ဆင်းရဲပါတယ်။ အခက်အခဲတွေ အများကြီးနဲ့ ရှင်သန်နေကြရတာပါ။
ဒါပေမယ့် အနာဂတ်ကို လက်ဆင့် ကမ်းမယ့် သဘာဝ အမွေအနှစ်တစ်ခု လောက်ကျွမ်း ပျက်စီးမယ့် အရေးကိုတော့ အရင်ကရော အခုရော လက်ပိုက် ကြည့်မနေခဲ့ကြပါဘူး။ ဧရာဝတီကို ကယ်တင်နိုင်တဲ့အထိ ကျွန်မတို့ အားလုံး ဆက်လက် ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ေ ကျးဇူးတင်ပါတယ်ရှင်။