• Comments: 0

ပြည်ထောင်စုသားအားလုံး စုပေါင်းပြီး မြစ်ဆုံကို ကာကွယ်ဖို့ အချိန်ရောက်ပါပြီ

ဧပြီ ၂၀ ရက်က ပြုလုပ်ခဲ့သော “ဧရာဝတီကို ပြန်ရွေးယူကြမယ်” အခမ်းအနားတွင် ပြောကြားခဲ့သော စိုင်းညွန့်လွင် ၏ တင်ပြချက် ဖြစ်ပါသည်။ စိုင်းညွန့်လွင်သည် တိုင်းရင်းသားများအကြား လေးစား ချစ်ခင်ခြင်းခံရသည့် ပုဂ္ဂိုလ်တဦး ဖြစ်သည့်အပြင် ထင်ရှားသော တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တဦးလည်း ဖြစ်ပါသည်

ပထမဦးဆုံး ပြည်ထောင်စုသား အားလုံး ကိုယ်စိတ် နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ ဦးစွာ ပထမ နှုတ်ခွန်း ဆက်သပါတယ်။ အခုလို ကျွန်တော် လာပြီးတော့ စကားပြောရတာဟာ ကျွန်တော်က နိုင်ငံရေးပါတီ တစ်ခုရဲ့ ကိုယ်စား မဟုတ်ဘဲ နဲ့ ပြည်ထောင်စုကို ချစ်မြတ်နိုးတဲ့ ပြည်ထောင်စုသား တစ်ယောက်အနေနဲ့ လာပြီး ပြောပါတယ်ဆိုတာကို ပထမဦးဆုံး ပြောကြား လိုပါတယ်။

ကျွန်တော်တို့ အားလုံးဟာ မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီးတော့ စိတ်ပူပင်နေကြတယ်။ သောကရောက်နေကြ တယ်ဆိုတာကို ကျွန်တော်တို့ သိရှိရပါတယ်။ ဒီလိုအခြေအနေမှာပဲ လက်ရှိ အစိုးရအနေနဲ့လည်း ဆုံးဖြတ်ရခက်တဲ့ အနေအထားမျိုး ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆမိပါတယ်။ အကယ်၍ အစိုးရ အနေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကိုများ ဆုံးဖြတ်ခဲ့ မိလို့ရှိရင် အလွန်ကြီးကျယ်တဲ့ သက်ရောက်မှုကြီးကို ရင်ဆိုင် ရလာနိုင်တဲ့ အနေအထားမျိုး ရောက်ပါ တယ်။ ကျွန်တော်တို့ အားလုံးက အဲဒီလို အခြေအနေမျိုးကို ရောက်မှာကို အင်မတန်မှ စိုးရိမ် ပူပန်ရတဲ့ အနေအထားမျိုး ရှိလို့ ဒီပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်။

အဲ့တော့ ကျွန်တော်တို့ ထိခိုက်မှုလည်း အနည်းဆုံး ဖြစ်အောင် အားလုံး အတွက်လည်း အကောင်းဆုံး ဖြစ်အောင် အကောင်းဆုံး တစ်ခုကိုတော့ ကျွန်တော်တို့ ရွေးချယ်ဖို့ လိုအပ်လာပြီလို့ ဒီပွဲ စီစဉ်ကြီးကြပ်တဲ့ သူတွေက ယူဆပါတယ်။ ကျွန်တော်တို့က လက်ရှိ အစိုးရရဲ့ အကျပ်အတည်းကိုလည်း မမေလျော့သင့်သလိုပဲ ကျွန်တော်တို့ အိမ်နီးချင်းဖြစ်တဲ့ နိုင်ငံ နဲ့လည်း မိတ်ဝတ် မပျက် ဆက်လက် လက်တွဲနေနိုင်အောင်လည်း ကျွန်တော်တို့ ထည့်ပြီး စဉ်းစားသင့်တဲ့ အနေအထား ရောက်နေပါတယ်။

ပြည်ထောင်စု သားတွေဖြစ်ကြတဲ့ လူထုကြီ းအားလုံးမှာလည်းပဲ ဒီလိုစိတ်ပူပန်နေတဲ့ ပူပန်မှုတွေ ပြေလျော့သွား အောင်ဆိုပြီးတော့ ကျွန်တော်တို့ ဒါဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်ဖို့မဟုတ်သလို ဘယ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်ခြင်းလည်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ဒီမှာ တင်ပြလိုပါတယ်။ ကျွန်တော်တို့ မြင်တွေ့ချင်တာကတော့ ပြည်ထောင်စုသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရှိနေကြတာကိုပဲ မြင် ချင်ပါတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်တိုင် တာဝန်ယူနိုင်တဲ့ ပြည်ထောင်စုသားတွေအဖြစ် ကျွန်တော်တို့ မြင်လိုပါတယ်။

ကမ္ဘာပေါ်မှာ မြန်မာဟာ မညီမညွတ် မစည်းမရုံးတဲ့ တိုင်းပြည်အဖြစ် မြင်ခဲ့လို့ ရှိရင်လည်း ဒါကို ကျွန်တော်တို့ တွန်းလှန်ဖြစ်ဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော်တို့ ပြည်ထောင်စု သားတိုင်းဟာ ကိုယ့်ပြည်ထောင်စုကို ကိုယ် တာဝန်ယူနိုင် ကြတယ်။ ကိုယ့်တစ်နိုင်တစ်ပိုင် ကျရောက်တဲ့တာဝန်ကိုလည်း ယူနိုင်ကြတယ်လို့ ကျွန်တော် လေးလေးနက်နက် ယုံ ကြည်လို့ ကျွန်တော် ဒီပွဲကိုလာခြင်းကို ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့အ ားလုံး သက်သေပြဖို့ လိုတယ်လို့ မြင် ပါတယ်။

အခု ဒီပွဲကို ကျင်းပရတဲ့ ကျွန်တော်တို့ရဲ့ တကယ့် ရည်မှန်းချက်ကတော့ ပြည်ထောင်စုသား တိုင်းရင်းသား လူထုကြီး အားလုံး ပါဝင်စေဖို့ လမ်းဖွင့်ပေးခြင်း ဖြစ်ပါတယ်။ အားလုံးကို ပါဝင်ဖို့ လမ်းဖွင့်ပေးထားခြင်း ဖြစ်ပါတယ်။ အားလုံး ကိုပါဝင်ဖို့လည်း ကျွန်တော်တို့ လေးလေးနက်နက် ဖိတ်ခေါ်ပါတယ်။ လူတစ်ယောက် နှမ်းတစ်စေ့နဲ့ စုပေါင်းလိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာ ဆီအိုးကြီး ဖြစ်မယ်ဆိုတဲ့ အယူအဆက စကားလည်း ရှိခဲ့ဖူးပါတယ်။ စာကလေး တစ်ကောင်ဟာ ကောက်ရိုးတစ်မျှင်ကို သယ်နိုင်ရင်လည်း ကောက်ရို းတစ်မျှင်ပါပဲ။ ဆင်တစ်ကောင်ဟာ သစ်ပင်တစ်ပင်ကို သယ်နိုင် လည်း သစ်ပင်တစ်ပင်ပါပဲ။ သူ့အင်အားနဲ့သူ သူ့အတိုင်းအတာနဲ့သူ ကျွန်တော်တို့ အားလုံးပါဝင်ပြီးတော့ မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီးတော့ ဧရာဝတီကို ကယ်တင်ဖို့ အချိန်ရောက်ပါပြီ။

မြစ်ဆုံဆည်ကိစ္စဟာ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ဘာသာရေး၊ ဘယ်လူမျိုးရေး အတွက်မှ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံကြီးရဲ့ ပြည်သူလူထုအားလုံး လှည်းနေလှေ အောင်း မြင်းဇောင်းမကျန် အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စကြီး ဖြစ်ကြောင်းကို တင်ပြချင်ပါတယ်။ ပြည်ထောင်စုသားအား လုံးနဲ့ ဆိုင်ပြီးတော့ အားလုံး တစ်သွေးတည်း တစ်သံတည်း တစ်သားတည်း ဖြစ်နိုင်တဲ့ ညီညွတ်မှုမျိုးကို ခုချိန်မှာ တည် ဆောက်ဖို့ လိုလိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်။

အားလုံး သိကြတဲ့ အတိုင်းပဲ ဒီနှစ်ဟာ စုပေါင်းအင်အားနှစ် ဖြစ်ပါတယ်။ အားလုံးသိတဲ့ အတိုင်းပဲ ကျွန်တော် ထပ် ပြောပါမယ်။ စုပေါင်းအင်အားနှစ် ဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံး စုပေါင်းပြီးတော့ ဒီမြစ် ဆုံဆည်ကိစ္စကို စုပေါင်းကာကွယ်ဖို့ အချိန်ရောက်ပါပြီဆိုတာကို ပြေကြားလိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည် ထောင်စုကြီး အကျိုးကို မျှော်ကိုးပြီးတော့ ပြည်သူအားလုံး ပါဝင် ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်။ ညီညီညွတ်ညွတ် ပါ ဝင်ကြဖို့လည်း လေးလေးနက်နက်ထားပြီးတော့ ဖိတ်ခေါ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။