ဧရာဝတီကို အမှီပြုပြီး မြန်မာနိုင်ငံဆိုတာ ပေါ်ပေါက်လာခဲ့တာ
ဧပြီ ၂၀ ရက်က ပြုလုပ်ခဲ့သော “ဧရာဝတီကို ပြန်ရွေးယူကြမယ်” အခမ်းအနားတွင် ပြောကြားခဲ့သော ဒေါက်တာထွန်းလွင်၏ တင်ပြချက် ဖြစ်ပါသည်။ ဒေါက်တာ ထွန်းလွင်သည် လူသိများ ထင်ရှားသော မိုးလေဝသ ပညာရှင် တဦး ဖြစ်ပါသည်။ မြန်မာပြည်သူ လူထုများသည် ဒေါက်တာ ထွန်းလွင်၏ မိုးလေဝသ ခန့်မှန်းချက်များဖြင့် လုပ်ကိုင်နေနိုင်ကြသည်အထိ သြဇာကြီးမားသူ ဖြစ်သည်။
အားလုံးမင်္ဂလာပါ။ ကျနော်ကတော့ မြစ်ဆုံရေကာတာဆောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ Academic, Technical point of view အရ ဒီ စီမံကိန်းဟာ လုံးဝ လက်ခံလို့မရဘူး။ အပြီးအပိုင် ဖျက်သိမ်းသင့်တယ်ဆိုတာကို တစိုက်မတ်မတ် ယုံကြည် ဟောပြောလာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၇ နှစ် သမ္မတကြီး ဦးသိန်းစိန် လက်ထက် အစကတည်းက ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကန့်ကွက်ရလဲ ဆိုတာကို တိုတိုတုတ်တုတ် တင်ပြချင်ပါတယ်။ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အရင် ဖြစ်တည်ခဲ့တဲ့ မြစ် ဖြစ်ပါတယ်။ ဧရာဝတီကို အမှီပြုပြီးတော့ မြန်မာနိုင်ငံ ဆိုတာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုဟာ ဧရာဝတီ အပေါ်မှာ တည်နေပါတယ်။ ဧရာဝတီရှိလို့ မြန်မာနိုင်ငံရှိခဲ့သလို ဧရာဝတီ မရှိရင်လည်း မြန်မာနိုင်ငံရှိဖို့ တော်တော် ခဲယဉ်းပါလိမ့်မယ်။
ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ ဧရာဝတီ ဆိုတာထက် ဧရာဝတီရဲ့မြန်မာနိုင်ငံ ဆိုတာက ပိုမှန်ပါတယ်။ ဒီမြစ်ဟာ ကျနော်တို့ အတွက် သမိုင်းတန်ဖိုး ဒီလောက်ကြီး ပြီးတော့ ကျေးဇူးတရား အလွန်ကြီးပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အရိပ်နေနေ အခက်ချိုးချိုး မလုပ်သင့်ပါဘူး။
ဒုတိယ အချက်အနေနဲ့ ကမ္ဘာပေါ်မှာ မြစ်တွေဆိုတာ သုံးမျိုးရှိတယ်။ ရေခဲမြစ် အရည်ပျော်တာကို အခြေပြု စီးတဲ့မြစ်၊ မိုးရေကို အခြေပြုစီးတဲ့မြစ်၊ မြေအောက်မြေကို အခြေပြုစီးတဲ့မြစ် ဆိုပြီး သုံးမျိုးရှိပါတယ်။ ကျနော်တို့ရဲ့မိခင် ဧရာဝတီဟာ ဒီ သုံးမျိုးလုံးကို သယံဇာတ အဖြစ် အသုံးပြုပြီး စီးနေတဲ့ အဖို းထိုက်တန် ရှားပါးတဲ့ မြစ်ဖြစ်ပါတယ်။ ကျနော်တို့ ဒီမြစ်ကြီးရဲ့တန်ဖိုးကို နားလည်ဖို့ဖြစ်တယ်။
နံပါတ်သုံး အချက် မြစ်ဆုံမှာ တာဆောက်တဲ့ ကိစ္စဟာ စံ, SOP, နိုင်ငံတကာစံ ဘယ် ရှုထောင့်မှ မကိုက်တာကို တွေ့ရတာဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ စီမံကိန်း တစ်ခု လုပ်တဲ့အခါမှာ ပထမဦးဆုံး ဦးစားပေးပြီးတော့ အရေးတယူ လုပ်ရတဲ့ လုပ်ငန်းဟာ assessment ဖြစ်ပါတယ်။ ဒီအလုပ် လုပ်လိုက်ရင် ဘာတွေဖြစ်လာမလဲ၊ ဘာတွေ ထိခိုက်မလဲ၊ ဒါကို အရင်ဆုံးလေ့လာကြပါတယ်။ ဒီလိုလေ့လာပြီးတော့ ဆိုးကျိုးနည်းတယ် သို့မဟုတ် မရှိဘူးဆိုရင်တော့ ဒီလုပ်ငန်းဟာ လုပ်သင့်တယ်လို့ပဲ ဆိုကြပါစို့။
ကျနော်တို့ တရုတ်ပြည်မှာ စင်တာ ဆောက်တော့ အဲ့ဒီ့ assessment လုပ်ငန်း အတွက် အချိန်ကာလ နှစ် ၅၀ အချိန် ယူပြီးမှ လုပ်ပါတယ်။ ကျနော်တို့ရဲ့ ဧရာဝတီ အတွက် assessment လုပ်တဲ့ အခါမှာ ဧရာဝတီရဲ့အရွယ်အစား၊ အနေအထားတွေက နိုင်ငံတကာ စံညွှန်းတွက်ရင် အနည်းဆုံး ၆ နှစ်မှ ၈ နှစ် assessment period ရှိဖို့လိုပါတယ်။ အဲ့ဒါကို ၂ နှစ်နဲ့အပ်ပြီးတော့ ၇ လနဲ့လုပ်ပြီး တပတ်နဲ့ အပြီးလုပ် သွားပါတယ်။ အဆင့် သုံးဆင့် လုပ်ရမှာကို နှစ်ဆင့်လောက်နဲ့ တော်ပြီ ဆိုပြီးတော့ တရုတ်ပြည် သယ်သွားပါတယ်။ ပစ်စလက်ခတ် လုပ်တယ်လို့ ကျနော်က ယူဆပါတယ်။
တကယ်လို့သာ ဒီ assessment ကို စံမှီ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်များနဲ့ အမှန်တကယ် လုပ်ခဲ့တယ် ဆိုရင် တာဆောက်တာ ကောင်းတယ်၊ မကောင်းဘူး ငြင်းစရာ မရှိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအဖြေက ထွက်ပြီးသား ဖြစ်နေလို့ဖြစ်တယ်။ အခု ငြင်းနေတာက ဒီ assessment မရှိလို့ ဖြစ်တယ်။ အဲ့ဒီ့ ကတည်းက ဒီ project ဟာ ရှေ့ကို သွားသင့်တဲ့ project မဟုတ်ပါဘူး။
နောက်တစ်ချက်က ဧရာဝတီမြစ်ဆုံမှာ ဆောက်မယ့် တာက ဘယ်လိုတာလဲ ဆိုတာ ပြန်ကြည့်ရင် small dam, medium dam, mega dam ဆိုတဲ့ dam သုံးမျိုးမှာ သူက mega dam ဖြစ်တယ်။ Oxford university က ကမ္ဘာပေါ်မှာ ဆောက်ခဲ့ သမျှ နိုင်ငံပေါင်း (၅၀၀) ကျော်ကို သုတေသန လုပ်ပြီးတော့ စမ်းသပ်ချက် လုပ်တဲ့အခါမှာ ဒီ mega dam တွေက ရာခိုင်နှုန်း တော်တော်များများ အကျိုးမပြုဘူး ဆိုတဲ့အဖြေကို ရပါတယ်။
နံပါတ် တစ် ကုန်ကျစရိတ် အလွန်ကျတယ်။ ဘယ်တော့မှ budget နဲ့ လောက်တယ်လို့ မရှိဘူး။ သတ်မှတ်တဲ့ အချိန်ကာလအတွင်းမှာ ဘယ်တော့မှ မပြီးဘူး။ မျှော်လင့်ထားသမျှ ပြန်လည် မရရှိဘူး။ ရာသီဥတု ဖောက်ပြန်ုမှုရဲ့ဒဏ်ကို ခံရတယ်။ အဲ့ဒါကို အားကိုးတကြီးနဲ့လုပ်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုဟာ ဒီ dam ဆောက်တဲ့အတွက် အကြွေးအတော် နစ်ပြီးတော့ ဘဝဟာ နလန်မထူနိုင် ကြဘူး။ ဒီလို dam မျိုး အာဖရိကမှာ အများကြီးပါ။ ဒါကြောင့် သူ့ရဲ့ recommendation က ဖွံ့ဖြိုးဆဲ နိုင်ငံများ အနေနဲ့ ဒီလို dam ကို မဆောက်သင့်ပါ။ မဆောက်သင့်ဘူး ဆိုတာကို အတိအလင်းပြောထားတယ်။
နောက်တစ်ခုက ဧရာဝတီဆိုတာ မြန်မာနိုင်ငံ တနံတလျားကို ဖုံးအုပ်ပြီး မြောက်ဖျားကနေ မုတ္တမကွေ့ အထိအောင် ဖြတ်စီးတဲ့ မြစ်ကြီးဆိုတော့ သူရဲ့ဧရိယာကိုက မြန်မာနိုင်ငံ ဧရိယာရဲ့ ၆၅ ကနေ ၇၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဧရာဝတီပေါ်မှာ အမှီပြုနေတဲ့ ဧရိယာက မြန်မာနိုင်ငံဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အထူးသဖြင့် ဒီ dam ကြီးကို ဆောက်လိုက်မယ် ဆိုရင် ကျနော်တို့ရဲ့ အုပ်ချုပ်မှု အောက်မှာမရှိဘဲ တပါးသူရဲ့အုပ်ချုပ်မှု အောက်မှာရှိရင် ဘာဖြစ်သွားနိုင်မယ် ဆိုတာကို ရှည်ရှည်ဝေးဝေး စဉ်းစားစရာ မလိုပါဘူး။
ကျနော်တို့ အိမ်နီးချင်းတွေ ကြည့်ကြည့်ပါ။ မဲခေါင်မြစ် ဦးတည်ပုံကို ကြည့်ကြည့်ပါ။ ထိပ်က ဆည်တွေ တရုတ်ပြည်ထဲမှာ ရှိတယ်။ အောက်က လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အခု ဒီနိုင်ငံတွေ ဘယ်လိုဖြစ်နေလဲ၊ မဲခေါင်မြစ်ရေကို ဘယ်လို သုံးနေရသလဲ။ ဘာတွေ ခံရလဲဆိုတာ ပြောပြစရာတောင် မလိုဘူး။ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ကျနော်တို့ အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်တဲ့ အချက်လည်းဖြစ်ပါတယ်။
နောက်ကျနော်က မန္တလေးသား အညာသား ဖြစ်တော့ မိုးလေဝသစကားနဲ့ ပြောရရင် နှစ်ချက် ပြောချင်ပါတယ်။ ပထမ တစ်ချက်က ဒီကနေ့ ရာသီဥတုက ဘယ်လို ရာသီဥတုလဲ။ ယနေ့ရာသီဥတုက hotter, drier and wetter ဒီလို ရာသီဥတု ဖြစ်တယ်။ အပူချိန်ကို ကြည့်ရင် တစ်နေ့ထက် တစ်နေ့ ပူနေတယ်။ ဟိုတနေ့က ချောက်မှာ ၄၈ အထိ တက်သွားတယ်။ ဒီကနေ့ ဆိုရင် ဖေ့ဘုတ်ပေါ်မှာ စမ်းသပ်နေတဲ့ သူတွေ အများကြီးပေါ်လာတယ်။ ဒါအလွန်ပူတဲ့ရာသီဥတု ဖြစ်တယ်။ မိုးလည်း တစ်ချက်မှမရွာဘူး။ ပိတောက်လည်း တစ်ချက်မှ မပွင့်ဘူး။ ဒါအားလုံးအသိပဲ။
မိုးရေကို ကြည့်တဲ့အခါ မိုးက နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက မိုးရေနည်းနည်းများရင် ပင်လယ်ပြင်မှာ affect ဖြစ်တယ်။ နောက်တစ်မျိုးက draught ဖြစ်တယ်။ ဘယ်တော့မှ သမတဲ့ ရာသီဥတု ဆိုတာကို မရှိဘူး။ ရာသီဥတု အပေါ်မှာ အများကြီး အမှီပြုရတဲ့ ပင်လယ်ကြီး ကလည်း ရာသီဥတု အလိုက် ပြောင်းရမှာဖြစ်တယ်။ ဧရာဝတီ ရဲ့ seasonality က ပြုတ်သွားမှာပဲ။ နွေရာသီမှာ ရေမြှုပ်ရင် မြှုပ်မှာပဲ။ မိုးတွင်းကြီးမှာ ရေရှားရင် ရှားနေမှာပဲ။ ကျနော်တို့ လှိမ့်ပြီး ခံနေရတယ်။
ဧရာဝတီကိုအထောက်အကူပြုတဲ့ ကျောက်တွေက မျောပါတော့ ဧရာဝတီရဲ့ river channel တွေက အမျိုးမျိုးပြောင်း။ ဧရာဝတီ မြစ်ကြောင်း ပြောင်းလာတဲ့ အခါကျတော့ မိုးနည်းနည်း ရွာလိုက်တာနဲ့ ရေကြီး၊ မြစ်ဝကျွန်းပေါ် ဒေသက တဖြည်းဖြည်းနဲ့ ကျုံ့လာတယ်။ ရေမရတာကြာတော့ ကျုံ့လာတာပဲ။
ဧရာဝတီက ထိပ်ပိုင်းမှာ တစ်ပိုင်း၊ အောက်ပိုင်းမှာ တစ်ပိုင်းရှိတယ်။ မြန်မာ အလယ်ပိုင်း ဒေသက မိုးပေါ်က ရွာတဲ့ရေထက် ပူလို့ အငွေ့ပျံထွက်တဲ့ ရေက ပိုများတဲ့ ဒေသဖြစ်တယ်။ ဒါကြောင့် ဒီဒေသက ရွှေကိုမလို၊ ငွေကိုမလို၊ ရေကိုသာ လိုသည် ဆိုတဲ့ ဒေသဖြစ်တယ်။ ဒါကျနော်တို့ နားလည်ထားတဲ့ အမြင်ပါ။
ဒါကြောင့် ဒီ ဧရာဝတီ ကို မထိသင့်ဘူး၊ မလုပ်သင့်ဘူး၊ တခြားနည်းလမ်း တွေရှိပါတယ်။ လျှပ်စစ် ပြောနေတာ နားမဆန့်အောင် ကြားရပါတယ်။ ကျနော်က မေးခွန်း မေးချင်ပါတယ်။ လျှပ်စစ် လိုချင်လို့ လုပ်တယ်ဆိုရင် ဘာလို့ ကျနော်တို့က ၅ ရာခိုင်နှုန်းပဲ ယူရတာလဲ၊ ဘာလို့ သူများကို ၉၅ ရာခိုင်နှုန်း ပေးရတာလဲ။ ကျနော် academic ရှုထောင့်က ကျနော့်ရဲ့လေ့လာထားတဲ့ အတွေ့အကြုံ၊ ဆည်းပူးထားတဲ့ ပညာအားလုံးကို အရင်းအနှီး ပြုပြီးတော့ ဒီလုပ်ငန်းဟာ နိုင်ငံနဲ့လူမျိုးအတွက် မလုပ်သင့်တဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ယူဆလို့ ဒါကို အခုလို သိသင့်သလောက် မျှဝေတာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။